Proverbs 5
5:1 ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာကို မှတ်ကျုံး၍၊ ငါပေးသောဉာဏ်သို့ သင့်နားကိုလှည့်လော့။
5:3 အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုတတ်၍၊ သူပြောသောစကားသည် ဆီထက်ချောသော်လည်း၊
5:4 အဆုံး၌ကား၊ သူသည် ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။
5:5 သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွားရာလမ်းသည် မရဏနိုင်ငံသို့ ရောက်တတ်၏။
5:6 သင်သည် အသက်လမ်းကိုမဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။
5:7 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြလော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။
5:8 ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာ တံခါးဝသို့မချဉ်းနှင့်။
5:9 သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူတစ်ပါး၌လည်းကောင်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌လည်းကောင်းအပ်လိမ့်မည်။
5:10 တစ်ပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ ရသောဥစ္စာသည် တစ်ပါးအမျိုးသားအိမ်သို့ ရောက်လိမ့်မည်။
5:11 နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယဆွေးမြေ့သောအခါ၊
5:12 ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီတကား။
5:13 ငါ့ဆရာတို့၏စကားကို နားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီတကား။
5:14 စည်းဝေးသောပရိတ်သတ်များအလယ်၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီတကားဟု မြည်တမ်းရလိမ့်မည်။
5:15 ကိုယ်ဆိုင်သော ရေအိုးကိုသုံး၍၊ ကိုယ်ရေတွင်းထဲက ထွက်သောစမ်းရေကို သောက်လော့။
5:16 သင်၏စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသောမြစ်များ ဖြစ်စေလော့။
5:17 တစ်ပါးအမျိုးသားနှင့် ပေါင်းဖက်၍ မဆိုင်စေဘဲ၊ ကိုယ်တစ်ပါးတည်းသာ ဆိုင်စေလော့။
5:18 သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍၊ အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သော မယားနှင့်အတူ ပျော်မွေ့လော့။
5:19 သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
5:20 ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည့်တန်ဆာမ၏ရင်ပတ်ကို အဘယ်ကြောင့် ဖက်ယမ်းသနည်း။
5:21 လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။
5:22 အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့်ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကိုခံရလိမ့်မည်။
5:23 သူသည် အလွန်မိုက်သောကြောင့် မှားယွင်း၍၊ သွန်သင်ခြင်းကိုမခံရဘဲ သေသွားရလိမ့်မည်။