Proverbs 7
7:1 ငါ့သား၊ ငါ့စကားကို စေ့စေ့နားထောင်၍၊ ငါ့ပညတ်တို့ကို သင်၌သိုထားလော့။
7:2 ငါ့ပညတ်တို့ကို စောင့်ရှောက်၍ အသက်ရှင်လော့။ ငါပေးသောတရားကို ကိုယ်မျက်ဆန်ကဲ့သို့စောင့်လော့။
7:3 သင်၏လက်ချောင်းတို့၌ ချည်ထား၍၊ သင်၏ နှလုံးအင်းစာရင်း၌ ရေးမှတ်လော့။
7:4 ပညာကို ကိုယ်နှမဟူ၍လည်းကောင်း၊ ဉာဏ်ကို ကိုယ်ပေါက်ဖော်ဟူ၍လည်းကောင်းခေါ်လော့။
7:5 သို့ပြုလျှင် သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည့်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
7:6 ငါ့အိမ်ပြူတင်းရွက်ကြားမှ ငါကြည့်၍ မြင်ရသောအမှုဟူမူကား၊
7:7 ဉာဏ်တိမ်သော အမျိုးသားချင်းစုကို ငါကြည့်ရှုစဉ်တွင်၊ ဉာဏ်မရှိသော လူပျိုတစ်ယောက်သည်၊
7:8 ထိုသို့သော မိန်းမနေရာလမ်းထောင့် အနားသို့လျှောက်သွားသဖြင့်၊
7:9 မိုးချုပ်၍ ညဥ့်ဦးအချိန်၊ ညဥ့်နက်သောအချိန်ရောက်သောအခါ၊ ထိုမိန်းမနေရာလမ်းသို့ လိုက်လေ၏။
7:10 ပြည့်တန်ဆာအဝတ်ကိုဝတ်၍၊ ဆန်းပြားသော မိန်းမသည် ထိုသူကို ကြိုဆို၏။
7:11 ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌ မနေ၊ လည်တတ်၏။
7:12 ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာ နေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ ကြည့်တတ်၏။
7:13 ထိုလူပျိုကို တွေ့သောအခါ၊ ရဲသောမျက်နှာနှင့် ဖမ်းဖက်နမ်းရှုပ်လျက်၊
7:14 ငါ၌ မိတ်သဟာယပူဇော်သကာရှိ၏။ ယနေ့ ငါ့ကတိဝတ်ကို ငါဖြေပြီ။
7:15 ထိုကြောင့် သင့်ကို ကြိုဆိုအံ့သောငှာ ငါထွက်လာပြီ။ သင့်မျက်နှာကို ကြိုးစားရှာ၍တွေ့ပြီ။
7:16 ငါ့ခုတင်ကို ချယ်လှယ်သော အိပ်ရာခင်းနှင့်လည်းကောင်း၊ အဲဂုတ္တုပိတ်ချောနှင့်လည်းကောင်းပြင်ဆင်ပြီ။
7:17 ငါ့မွေ့ရာကို မုရန်၊ အကျော်၊ သစ်ကြံပိုးနှင့် ထုံပြီ။
7:18 လာပါ၊ မိုးလင်းသည်တိုင်အောင် ကာမရာဂစိတ်ကို ဖြေကြကုန်အံ့။ မေထုန်ပြု၍ မွေ့လျော်ကြကုန်အံ့။
7:19 ငါ့အရှင်သည် အိမ်မှာမရှိ။ ငွေအိတ်ကိုဆောင်လျက် ဝေးသောအရပ်သို့ သွားပြီ။
7:20 ပွဲနေ့ရောက်မှသာ ပြန်လာလိမ့်မည်ဟု၊
7:21 ချစ်ဖွယ်သော စကားနှင့် ထိုသူကို သွေးဆောင်၍ ချော့မော့တတ်သော နှုတ်ခမ်းနှင့် နိုင်သဖြင့်၊
7:22 နွားသည် အသေခံရာသို့လိုက်သကဲ့သို့လည်းကောင်း၊ သမင်ဒရယ်သည် မိမိအသည်း၌ မြားမထိုးမီတိုင်အောင်၊ ဖမ်းမိရာထဲသို့ ဝင်သကဲ့သို့လည်းကောင်း၊
7:23 ငှက်သည် မိမိအသက်ဆုံးစေခြင်းငှာ ထောင်မှန်းကိုမရိပ်မိဘဲ၊ ကျော့ကွင်းထဲသို့ အလျင်အမြန် ဝင်သကဲ့သို့လည်းကောင်း၊ လူပျိုသည် ထိုမိန်းမနောက်သို့ ချက်ချင်းလိုက်သွားတတ်၏။
7:24 သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်၍ ငါဟောပြောချက်တို့ကို မှတ်ကျုံးကြလော့။
7:25 ထိုသို့သော မိန်းမနေရာလမ်းကို စိတ်မငဲ့ကွက်နှင့်။ သူကျင်လည်သော လမ်းခရီးသို့ လွှဲ၍မလိုက်နှင့်။
7:26 အကြောင်းမူကား၊ သူသည် စစ်သူရဲအများတို့ကို လှဲလေပြီ။ ခွန်အားကြီးသော သူအများတို့ကို သတ်လေပြီ။
7:27 သူ၏အိမ်သည် သေမင်း၏ဘုံဗိမာန်သို့ဆင်း၍၊ မရဏနိုင်ငံသို့ ရောက်သောလမ်းဖြစ်၏။