Ecclesiastes 12
12:1 ငါနေ၍ မပျော်နိုင်ဟုဆိုရသော ကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ၊ ယခုအသက်ပျိုစဉ်အခါပင်၊ သင့်ကို ဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့။
12:2 နေနှင့် အလင်း၊ လနှင့် ကြယ်တို့သည် ကွယ်၍မိုးရွာပြီးမှ၊ အထပ်ထပ်ရွာတတ်သောကာလမရောက်မီ အောက်မေ့လော့။
12:3 ထိုကာလ၌ အိမ်စောင့်တို့သည် တုန်လှုပ်၍၊ ခိုင်ခံ့သောသူတို့သည် အားလျော့ကြလိမ့်မည်။ ဆန်ကြိတ်သောသူတို့သည် နည်းသောကြောင့် ရပ်ကြလိမ့်မည်။ ပြူတင်းပေါက်ဖြင့် ကြည့်သောသူတို့သည် အလင်းကွယ်ကြလိမ့်မည်။
12:4 ကြိတ်သံလျော့သောအခါ၊ လမ်းနားမှာ တံခါးရွက်တို့သည် စေ့လျက်ရှိလိမ့်မည်။ ငှက်သံကို ကြားသောအခါ၊ စောစောထလိမ့်မည်။ သီချင်းသည်မအပေါင်းတို့သည် အသံသေးကြလိမ့်မည်။
12:5 ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြလိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌ မိမိလေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူကား၊ လူသည် ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည်တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
12:6 ငွေကြိုးပြုတ်ခြင်း၊ ရွှေဖလားကွဲခြင်း၊ စမ်းရေတွင်း၌ ရေပုံးပေါက်ခြင်း၊ ရေကျင်းနားမှာ စက်ကျိုးခြင်း အခြင်းအရာတို့သည် ဖြစ်ကြလိမ့်မည်။
12:7 ထိုကာလ၌ မြေမှုန့်သည်နေရင်းမြေသို့လည်းကောင်း၊ ဝိညာဉ်သည် အရင်ပေးတော်မူသော ဘုရားသခင့်ထံသို့လည်းကောင်း ပြန်သွားရလိမ့်မည်။
12:8 အနတ္တသက်သက်၊ အလုံးစုံတို့သည်အနတ္တဖြစ်ကြသည်ဟု ဓမ္မဒေသနာဆရာဟော၏။
12:9 ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသောသုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။
12:10 ဓမ္မဒေသနာဆရာသည် နားထောင်ဖွယ်သောစကားကို ရှာ၍၊ ရေးထားချက်စကားသည် ဖြောင့်မတ်သောစကား၊ သမ္မာစကားဖြစ်၏။
12:11 ပညာရှိသောသူ၏စကားသည် တုတ်ချွန်နှင့်လည်းကောင်း၊ တစ်ပါးတည်းသော သိုးထိန်းကြီး အပ်ပေးတော်မူ၍၊ ပရိသတ်အုပ်တို့ ရိုက်ထားသော သံချွန်နှင့်လည်းကောင်း တူ၏။
12:12 တစ်ဖန်တုံ၊ ငါ့သား၊ ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကို ခံလော့။ စာများကိုစီရင်၍ မကုန်နိုင်။ စာကို ကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကို နှောင့်ယှက်သောအမှုဖြစ်၏။
12:13 အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးအစုံတို့ကို ချုပ်ခြာသတည်း။
12:14 အကြောင်းမူကား၊ ဘုရားသခင်သည် ခပ်သိမ်းသော ဝှက်ထားခြင်းမှစ၍၊ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကို စစ်ကြော၍၊ တရားသဖြင့် စီရင်တော်မူလတ္တံ့သတည်း။ ရှောလမုန်မင်းကြီး စီရင်ရေးထားသော ဒေသနာကျမ်းပြီး၏။