Song of Songs 1
1:1 သီချင်းတကာတို့တွင် အထွဋ်ဖြစ်သော ရှောလမုန်သီချင်း။
1:2 သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကိုနမ်းပါစေ။ ကိုယ်တော်၏မေတ္တာသည် စပျစ်ရည်ထက် သာ၍ကောင်းပါ၏။
1:3 ကိုယ်တော်၌ မွှေးကြိုင်သော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသော နံ့သာဆီဖြစ်ပါ၏။ ထိုကြောင့် သတို့သမီးကညာတို့သည် ကိုယ်တော်ကို ချစ်ကြပါ၏။
1:4 ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့သည် နောက်တော်သို့ ပြေး၍လိုက်ကြပါမည်။ အရှင်မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန်မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည်ထက် သာ၍ချီးမွမ်းကြမည်။ သတို့သမီးကညာတို့သည် ကိုယ်တော်ကို မှန်ကန်စွာ ချစ်ကြပါ၏။
1:5 အိုယေရုရှလင်မြို့သမီးတို့၊ ငါသည် ကေဒတဲကဲ့သို့ မည်းသောအဆင်းရှိသော်လည်း၊ ရှောလမုန်မင်း၏ကုလားကာကဲ့သို့ တင့်တယ်သေး၏။
1:6 ငါသည် နေပူကိုခံ၍ မည်းသောအဆင်းရှိသောကြောင့်၊ ငါ့ကို မကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
1:7 ကျွန်မ နှစ်သက်နှစ်လိုရာအရှင်၊ ကိုယ်တော်သည် သိုးများကို အဘယ်မှာ ထိန်းတော်မူသည်ကိုလည်းကောင်း၊ မွန်းတည့်ချိန်၌ အဘယ်မှာ အရိပ်ခိုစေတော်မူသည်ကိုလည်းကောင်း ပြတော်မူပါ။ ကျွန်မသည် အခြားတစ်ပါးသော သိုးထိန်းနောက်သို့ အဘယ်ကြောင့် လမ်းလွဲ၍လိုက်ရပါအံ့နည်း။
1:8 မိန်းမတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်သည်မသိလျှင်၊ သိုးများခြေရာသို့ လိုက်သွား၍၊ သိုးထိန်းတဲများအနားမှာ သင်၏သိုးသငယ်တို့ကို ကျွေးမွေးပါလော့။
1:9 ငါချစ်သောနှမ၊ သင့်ကို ဖာရောမင်းရထား၌ ကသောမြင်းနှင့် ငါပုံပြမည်။
1:10 သင်၏ပါးသွယ်၌ မုတ်ပုတီး တန်ဆာဆင်လျက်၊ လည်ပင်း၌ ပုလဲအသွယ်သွယ်ဆွဲလျက်၊ သင်သည် တင့်တယ်လှ၏။
1:11 ငွေနှင့် အပြောက်ချယ်သော ရွှေပုတီးအသွယ်သွယ်ကိုလည်း လုပ်၍ပေးဦးမည်။
1:12 အရှင်မင်းကြီးသည် စားပွဲတော်နားမှာထိုင်နေစဉ်၊ ငါထုံသော နာဒုဆီမွှေးအနံ့သည် တပျံ့ပျံ့တလှိုင်လှိုင် ဖြစ်လေ၏။
1:13 ငါချစ်ရာသခင်သည် ငါ၌ မုရန်နံ့သာပုံဖြစ်၍၊ ငါ့ရင်အုံကြားမှာ တစ်ညလုံး အိပ်ရမည်။
1:14 ငါချစ်ရာသခင်သည် အင်္ဂေဒိဥယျာဉ်မှ ဖြစ်သော ဟင်္နာခက်ရွက်စည်းကဲ့သို့ ဖြစ်ပါ၏။
1:15 ငါချစ်သောနှမ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ချိုးမျက်စိနှင့် ပြည့်စုံ၏။
1:16 ငါချစ်ရာသခင်သည် အဆင်းလှ၍၊ ချစ်ဖွယ်သော လက္ခဏာနှင့် ပြည့်စုံတော်မူ၏။ ငါတို့အိပ်ရာခင်းသည် စိမ်းသောအဆင်းရှိ၏။
1:17 ငါတို့ဗိမာန်တိုင်တို့သည် အာရဇ်ပင်၊ အမိုးသည် ထင်းရှူးပင်ဖြင့် ပြီးသတည်း။