Song of Songs 4
4:1 သင်သည် အဆင်းလှပေ၏။ ငါချစ်သောနှမ၊ အလွန်လှပေ၏။ ဗျာပါဆံကြားမှာ ချိုးမျက်စိနှင့် ပြည့်စုံ၏။ ဆံပင်သည်လည်း ဂိလဒ်တောင်ပေါ်မှ ဆင်းလာသော ဆိတ်စုကဲ့သို့ဖြစ်၏။
4:2 သင်၏သွားတို့သည်လည်း အမွေးညှပ်၍၊ ရေချိုးရာမှ တက်လာသော သိုးစုကဲ့သို့ဖြစ်ကြ၏။ တစ်ကောင်မျှမလျော့။ အမွှာသာ ဖွားတတ်ကြ၏။
4:3 နှုတ်ခမ်းသည်လည်း နီထွေးသောကြိုးနှင့် တူ၏။ စကားသံလည်း သာယာပေ၏။ နားပန်းဆံကြားမှာ ပါးတို့သည် သလဲသီးယှက်နှင့် တူကြ၏။
4:4 လည်ပင်းသည်လည်း၊ သူရဲတို့သာ သုံးဆောင်တတ်သော ဒိုင်းလွှားတစ်ထောင် ဆွဲထားသော လက်နက်စုံ ဘဏ္ဍာတိုက်တည်းဟူသော ဒါဝိဒ်မင်း၏ ရဲတိုက်နှင့်တူ၏။
4:5 ရင်သားနှစ်ဖက်တို့သည် နှင်းတော၌ ကျက်စားသော ဒရယ်သငယ်အမွှာနှင့် တူကြ၏။
4:6 မိုးမသောက်၊ မှောင်မိုက်အရိပ်မပြေးမီ၊ ငါသည်မုရန်တောင်နှင့် လောဗန်ကုန်းသို့ သွားမည်။
4:7 ငါချစ်သောနှမ၊ သင်သည် အပြစ်တစ်စုံတစ်ခုမျှ မရှိ။ တစ်ကိုယ်လုံးလှပေ၏။
4:8 ငါနှင့်အတူ လေဗနုန်တောင်က လာပါအပယ်။ ငါနှင့်အတူ လေဗနုန်တောင်က လာပါ။ အာမနတောင်ထိပ်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်နေရာ တောင်များအပေါ်က ကြည့်ရှုပါ။
4:9 ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်သည် ငါ့နှလုံးကိုလုယူပြီ။ သင်၏မျက်စိတစ်ကြည့်၊ လည်ပင်းတစ်လှည့်ဖြင့် ငါနှလုံးကို လုယူပြီ။
4:10 ငါ့နှမ၊ ငါ့ခင်ပွန်း၊ သင်၏မေတ္တာသည် အလွန်ချိုပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက် အထူးသဖြင့် ကောင်းပေ၏။ သင်းထုံသော နံ့သာဆီသည် နံ့သာမျိုးတကာတို့ထက် အထူးသဖြင့် မွှေးကြိုင်ပေ၏။
4:11 ငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၏။ လျှာအောက်မှာ နို့နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာသည်လည်း လေဗနုန်အမွှေးအကြိုင်ကဲ့သို့ မွှေးကြိုင်လျက်ရှိ၏။
4:12 ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။
4:13 သင်၏ပျိုးပင်တို့ကား၊ ချိုသောအသီးကို သီးတတ်သော သလဲတော၊ နာဒုပင်နှင့်ရောသော ဟင်္နာတော၊
4:14 နာဒုပင်၊ ကုရကုမပင်၊ ကြံပင်၊ သစ်ကြံပိုးပင်၊ လောဗန်ပင်မျိုး၊ မုရန်ပင်၊ အကျော်ပင်၊ အမြတ်ဆုံးသော နံ့သာပင်မျိုး ပါကြ၏။
4:15 ဥယျာဉ်များကို ရေလောင်းစရာရေကန်၊ စမ်းရေတွင်း၊ လေဗနုန်တောင်က စီးထွက်သော မြစ်ရေလည်းပါသတည်း။
4:16 မြောက်လေ၊ နိုးပါ။ တောင်လေ၊ လာပါ။ ငါ့ဥယျာဉ်အပေါ်သို့လာကြပါ။ မွှေးကြိုင်သော အနံ့သည် ပျံ့လှိုင်ပါစေ။ ငါချစ်ရာသခင်သည် ဥယျာဉ်တော်သို့ဝင်၍၊ ချိုသောအသီးကို စားတော်မူပါစေ။