Isaiah 17
17:1 ဒမာသက်မြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ဒမာသက်မြို့သည် မြို့မဖြစ်အောင် ပျက်စီးရာပုံ ဖြစ်ရ၏။
17:2 အာရော်မြို့များကို စွန့်ပစ်သောကြောင့်၊ သိုးစုတို့သည်ပိုင်၍၊ အဘယ်သူမျှမမောင်းဘဲ အိပ်ကြလိမ့်မည်။
17:3 ဧဖရိမ်ပြည်၌ မြို့မရှိရ။ ဒမာသက်မြို့နှင့် ကျန်ကြွင်းသောရှုရိပြည်၌ မင်းအာဏာမရှိရ။ သူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုန်းအသရေကဲ့သို့ ဖြစ်ရကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
17:4 ထိုကာလ၌ ယာကုပ်အမျိုး၏ဘုန်းသည် လျော့၍၊ ဆူဝခြင်းလည်း ပိန်ကြုံခြင်းဖြစ်ရလိမ့်မည်။
17:5 လူသည် စပါးကိုသိမ်းယူ၍ အသီးအနှံများကို လက်နှင့် ရိတ်သကဲ့သို့လည်းကောင်း၊ ရေဖိမ်ချိုင့်၌ အသီးအနှံတို့ကို သိမ်းရိတ်သကဲ့သို့လည်းကောင်း၊ ထိုအမှုဖြစ်ရလိမ့်မည်။
17:6 သို့ရာတွင်၊ သံလွင်ပင်ကို လှုပ်ပြီးမှ အပင်ဖျား၌ အသီးနှစ်လုံးသုံးလုံး၊ အသီးကောင်းသောအခက်တို့၌ လေးငါးလုံးရှိတတ်သကဲ့သို့၊ ကောက်သိမ်းစရာ အကြွင်းရှိရလိမ့်မည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။
17:7 ထိုကာလ၌ လူသည် မိမိကို ဖန်ဆင်းတော်မူသော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်းတော်မူသောဘုရားကို ဖူးမျှော်ရလိမ့်မည်။
17:8 မိမိလက်နှင့် လုပ်သောယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအရာတည်းဟူသော အာရှရပင်တို့ကိုလည်းကောင်း၊ ရုပ်တုတို့ကိုလည်းကောင်း ပမာဏမပြုရ။
17:9 ထိုကာလ၌ သူ၏ခိုင်ခံ့သောမြို့တို့သည် ဣသရေလအမျိုးသားရှေ့မှာစွန့်ပစ်သော သစ်တောအကျန်အကြွင်းနှင့် သစ်ပင်အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံလျက် ရှိရလိမ့်မည်။
17:10 သင့်ကို ကယ်တင်တော်မူသော ဘုရားသခင်ကို သင်သည်မေ့လျော့၍၊ မိမိခိုလှုံရာကျောက်ကို မိမိမအောက်မေ့သောကြောင့်၊ သာယာသော ပျိုးပင်တို့နှင့်၊ တစ်ကျွန်းတစ်နိုင်ငံ အညွန့်တို့ကိုစိုက်ပျိုး၍၊
17:11 ထိုပျိုးပင်တို့ကို ကြီးပွားစေခြင်းငှာလည်းကောင်း၊ အလျင်အမြန် အပွင့်ပွင့်စေခြင်းငှာလည်းကောင်း ပြုပြီးမှ၊ သိမ်းယူရာကာလ၌ အသီးအနှံသည် ပျက်စီး၍၊ သင်သည် မပျောက်နိုင်သော ဝမ်းနည်းခြင်းရှိရလိမ့်မည်။
17:12 သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူများ အလုံးအရင်းတို့၌လည်းကောင်း၊ အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သော လူမျိုးတို့၌လည်းကောင်းအမင်္ဂလာရှိ၏။
17:13 အားကြီးသောရေတို့သည် ဟုန်းသကဲ့သို့၊ လူမျိုးတို့သည် ဟုန်းကြသော်လည်း၊ ဆုံးမတော်မူသောကြောင့်၊ အဝေးသို့ ပြေးသွားကြလိမ့်မည်။ တောင်ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲကဲ့သို့လည်းကောင်း၊ လေပွေ၌ပါသွားသော အမှိုက်ကဲ့သို့လည်းကောင်း၊ သူတို့သည် နှင်ခြင်းကို ခံရကြလိမ့်မည်။
17:14 ညဥ့်ဦးယံ၌ ဘေးရောက်၍၊ နံနက်ယံမတိုင်မီ ပျောက်ရှကြလိမ့်မည်။ ငါတို့ကို ညှဉ်းဆဲသောသူတို့သည် ထိုသို့သောအကျိုး၊ ငါတို့ကို လုယူဖျက်ဆီးသောသူတို့သည်၊ ထိုသို့သော အမွေဥစ္စာကိုခံရကြလိမ့်မည်။