Isaiah 19
19:1 အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောမိုးတိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တုဆင်းတုတို့သည်လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက် ရှိလိမ့်မည်။
19:2 အဲဂုတ္တုပြည်သားတို့သည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် ရန်ပြုစေခြင်းငှာ ငါနှိုးဆော်သဖြင့်၊ သူတို့သည် ညီအစ်ကိုချင်း တစ်ယောက်နှင့် တစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်နှင့် တစ်ယောက်၊ တစ်မြို့နှင့် တစ်မြို့၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်တိုက်ကြလိမ့်မည်။
19:3 အဲဂုတ္တုပြည်၏စိတ်သည် သူ၏အထဲမှာပျက်လိမ့်မည်။ သူ၏အကြံကိုလည်း ငါဖျက်မည်။ သူတို့သည် ရုပ်တုတို့၌လည်းကောင်း၊ ပြုစားသော သူတို့၌လည်းကောင်း၊ နတ်ဝင်နှင့် စုန်းတို့၌လည်းကောင်း ဆည်းကပ်ကြလိမ့်မည်။
19:4 အဲဂုတ္တုပြည်သားတို့ကို ကြမ်းကြုတ်သော သခင်တို့လက်သို့ ငါအပ်သဖြင့်၊ ပြင်းထန်သော ရှင်ဘုရင်တစ်ပါးသည် အုပ်စိုးလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။
19:5 ထိုအခါပင်လယ်ရေပြတ်လိမ့်မည်။ မြစ်ရေလည်းလျော့၍ ခန်းခြောက်လိမ့်မည်။
19:6 ချောင်းရေများလည်းပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။
19:7 မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာပေါက်သော မြက်ပင်အစရှိသော၊ မြစ်နားမှာစိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီး ပပျောက်ကြလိမ့်မည်။
19:8 တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကိုချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ်မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက်ကြလိမ့်မည်။
19:9 ပိုက်ဆန်လုပ်သောသူနှင့် ဇာမျိုးကိုရက်သော သူတို့သည်လည်း အကျိုးနည်းရှိကြလိမ့်မည်။
19:10 အမှီတံကဲတို့သည်ပျက်၍၊ အခစားသောသူအပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည်။
19:11 အကယ်စင်စစ် ဇောနမင်းတို့သည် အရူးဖြစ်ကြ၏။ ဖာရောဘုရင်၏ တိုင်ပင်မှူးမတ်တို့သည် မိုက်သောအကြံကို ပေးကြ၏။ ကျွန်တော်သည် ပညာရှိအမျိုး၊ ရှေးဘုရင်တို့အနွယ်ဖြစ်ပါသည်ဟု ဖာရောဘုရင်အား အဘယ်ကြောင့် လျှောက်ကြသနည်း။
19:12 သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်တစ်ဖက်၌ အဘယ်သို့ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဖော်ပြကြပါစေ။
19:13 ဇောနမင်းတို့သည် အရူးဖြစ်ကြပြီ။ နောဗမင်းတို့သည် မှားယွင်းကြပြီ။ အဲဂုတ္တုပြည်၏ အမျိုးအနွယ်များကိုအုပ်သော အကြီးအကဲတို့ကိုလည်း မှားယွင်းစေကြပြီ။
19:14 ထာဝရဘုရားသည် အဲဂုတ္တုပြည်၏အလယ်၌ ယစ်မူးသောသဘောကို ပြင်ဆင်တော်မူသဖြင့်၊ ယစ်မူးသောသူသည် မိမိအန်ဖတ်၌ လဲသကဲ့သို့၊ အဲဂုတ္တုပြည်သားတို့သည် ပြုလေသမျှတို့၌ မှားယွင်းကြပြီ။
19:15 အဲဂုတ္တုပြည်၏ ဦးခေါင်းဖြစ်စေ၊ အမြီးဖြစ်စေ၊ စွန်ပလွံလက်ဖြစ်စေ၊ ကိုင်းပင်ဖြစ်စေ၊ ပြီးစီးနိုင်သောအမှု အလျှင်းမရှိရ။
19:16 ထိုကာလ၌ အဲဂုတ္တုလူတို့သည်မိန်းမကဲ့သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့အပေါ်မှာ လက်တော်ကို လှုပ်ရှားတော်မူသောကြောင့်၊ ကြောက်လန့်တုန်လှုပ်ကြလိမ့်မည်။
19:17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အဲဂုတ္တုပြည်တစ်ဖက်၌ ကြံစည်တော်မူသောအကြံအစည်ကြောင့်၊ ယုဒပြည်သည်လည်း အဲဂုတ္တုပြည်၌ ကြောက်မက်ဖွယ်ဖြစ်လိမ့်မည်။ ယုဒပြည်ဟူ၍ပြောကာမျှနှင့် လူတိုင်း ကြောက်ရွံ့ကြလိမ့်မည်။
19:18 ထိုကာလ၌ အဲဂုတ္တုပြည်တွင်၊ မြို့ငါးမြို့တို့သည် ခါနာန်ဘာသာစကားကိုပြော၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ သစ္စာတော်ကိုခံကြလိမ့်မည်။ ထိုမြို့တို့တွင်၊ တစ်မြို့ကို သူရိယာမြို့ဟူ၍ခေါ်ဝေါ်ကြလိမ့်မည်။
19:19 ထိုကာလ၌ အဲဂုတ္တုပြည်အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာယဇ်ပလ္လင်ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဖို့ မှတ်တိုင်ရှိလိမ့်မည်။
19:20 ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏သက်သေလည်း ဖြစ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ ထာဝရဘုရားကို အော်ဟစ်ကြသည်ရှိသော်၊ ကယ်တင်သောအရှင်၊ အမှုစောင့်သခင်ကို သူတို့ရှိရာသို့စေလွှတ်တော်မူ၍၊ ထိုသခင်သည် ကယ်တင်တော်မူ၏။
19:21 အဲဂုတ္တုပြည်တွင် ထာဝရဘုရားကိုသိရကြသည်ဖြစ်၍ ထိုကာလ၌ အဲဂုတ္တုလူတို့သည် ထာဝရဘုရားကို သိသောကြောင့်၊ ပူဇော်သကာ အလှူဒါနကိုဆက်ကပ်၍ ဝတ်ပြုကြလိမ့်မည်။ ထာဝရဘုရားရှေ့တော်၌ သစ္စာကတိထား၍၊ ထားသည်အတိုင်း ပြုကြလိမ့်မည်။
19:22 ထာဝရဘုရားသည်လည်း အဲဂုတ္တုပြည်ကို ဒဏ်ခတ်၍၊ ခတ်ပြီးသောဒဏ်ရာကို ပျောက်စေတော်မူမည်။ သူတို့သည်လည်း၊ ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြသည်ကာလ၊ သူတို့တောင်းပန်ခြင်းကို နားထောင်၍ ဒဏ်ရာကို ပျောက်စေတော်မူမည်။
19:23 ထိုကာလ၌ အဲဂုတ္တုပြည်မှသည် အာရှုရိပြည်တိုင်အောင်၊ လမ်းတွင်လိမ့်မည်။ အာရှုရိလူသည် အဲဂုတ္တုပြည်သို့လည်းကောင်း၊ အဲဂုတ္တုလူသည်၊ အာရှုရိပြည်သို့လည်းကောင်းသွားလာ၍ အဲဂုတ္တုလူနှင့် အာရှုရိလူတို့သည် တညီတညွတ်တည်း ဝတ်ပြုကြလိမ့်မည်။
19:24 ထိုကာလ၌ ဣသရေလအမျိုးသည် အဲဂုတ္တုအမျိုးနှင့်လည်းကောင်း၊ အာရှုရိအမျိုးနှင့်လည်းကောင်းပေါင်း၍၊ တတိယအမျိုးတည်းဟူသော မြေကြီးအလယ်၌ မင်္ဂလာပြုသောအမျိုးဖြစ်လိမ့်မည်။
19:25 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကလည်း၊ ငါ၏လူအဲဂုတ္တုအမျိုး၊ ငါပြုပြင်သော အာရှုရိအမျိုး၊ ငါ၏အမွေဥစ္စာဖြစ်သော ဣသရေလအမျိုးသည် မင်္ဂလာရှိစေသတည်းဟု ကောင်းချီးပေးတော်မူလိမ့်မည်။