Isaiah 21
21:1 ရေလွှမ်းမိုးသောတောနှင့် ဆိုင်သောဗျာဒိတ်တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက်မက်ဖွယ်သောပြည်၊ တောကြီးမှလာ၏။
21:2 ကြောက်မက်ဖွယ်သော ရူပါရုံကိုငါမြင်ရ၏။ လုယူတတ်သောသူသည် လုယူ၏။ ဖျက်ဆီးတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကို ဝိုင်းထားကြလော့။ ထိုမြို့ကြောင့်၊ သူတစ်ပါး ညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။
21:3 ထိုကြောင့်၊ ငါသည် ခါးနာလှ၏။ သားဖွားသော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံရ၏။ နားမကြားနိုင်အောင် ပြင်းထန်စွာခံရ၏။ မျက်စိမမြင်နိုင်အောင် မှိုင်တွေလျက်ရှိ၏။
21:4 ငါ့စိတ်နှလုံးသည် မူးလျက်ရှိ၏။ ကြောက်မက်ဖွယ်သောအရာဖြင့် ငါသည် ထိတ်လန့်လျက်ရှိ၏။ ငါပျော်မွေ့သောညကို ဘေးနှင့် ပြည့်စုံစေတော်မူ၏။
21:5 စားပွဲကို ပြင်ပြီ။ ကင်းစောင့်ကို ထားပြီ။ စားသောက်လျက် နေကြ၏။ အို မင်းများတို့၊ ထကြ၊ လွှားကိုဆီလောင်းကြ။
21:6 အကြောင်းမူကား၊ ဘုရားရှင်က၊ သင်သွား၍ ကင်းစောင့်ကိုထားလော့။ မြင်သည်အတိုင်း ပြောစေလော့ဟု ငါ့အားမိန့်တော်မူ၏။
21:7 ကင်းစောင့်သည်လည်း၊ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းတပ်တစ်တပ်၊ မြည်းတပ်တစ်တပ်၊ ကုလားအုတ်တပ်တစ်တပ်ကို မြင်၍၊ သတိနှင့် စေ့စေ့ကြည့်ရှု နားထောင်ပြီးလျှင်၊
21:8 သခင်၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာအစဉ်ရပ်၍၊ တစ်ညလုံး၌လည်း ကင်းစောင့်လျက်နေပါ၏။
21:9 ယခုမှာ နှစ်စီးစီ နှစ်စီးစီ ချီလာသော မြင်းစီးသူရဲတပ်ကိုမြင်ပါသည်ဟု ခြင်္သေ့ကဲ့သို့ ကြွေးကြော်၏။ သူကလည်း၊ ဗာဗုလုန်မြို့ ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည် မြေပေါ်မှာ ကျိုးပဲ့လျက် ရှိကြပါသည်ဟု ထပ်၍ဆိုလေ၏။
21:10 ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ဘုရားသခင် မိန့်တော်မူသည်ကို ငါကြားရသည်အတိုင်း၊ သင်တို့အားငါဆင့်ဆိုသတည်း။
21:11 ဒုမာပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ အိုကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်း။ အို ကင်းစောင့်၊ ညအမှုကား အဘယ်သို့နည်းဟု စိရတောင်ပေါ်က ငါ့ကို ဟစ်ခေါ်လေ၏။
21:12 ကင်းစောင့်ကလည်း၊ နံနက်သည် လာ၏။ ညလည်းလာ၏။ သင်တို့သည် မေးမြန်းလိုလျှင် မေးမြန်းကြ။ ပြန်သွားကြ။ တစ်ဖန် လာကြဟု ဆိုလေ၏။
21:13 အာရပ်ပြည်နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ ခရီးသွားသော ဒေဒန်လူစုတို့၊ သင်တို့သည် အာရပ်တောမှာ ညကို လွန်စေရကြမည်။
21:14 တေမပြည်သားတို့၊ ရေငတ်သောသူအဖို့ ရေကိုယူခဲ့ကြ၏။ ပြေးသောသူကို မုန့်နှင့်ဆီး၍ ကြိုကြ၏။
21:15 အကြောင်းမူကား၊ သူတို့သည် ဓားဘေးမှလည်းကောင်း၊ ထုတ်သောဓား၊ တင်သောလေး၊ အလွန်ခက်သော စစ်မှုမှလည်းကောင်း ပြေးကြ၏။
21:16 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တစ်နှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေရှိသမျှကွယ်ပျောက်၍၊
21:17 ကျန်ကြွင်းသော ကေဒါအမျိုးသား၊ လေးစွဲသူရဲတို့သည် အလွန်နည်းကြလိမ့်မည်ဟု၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။