Isaiah 43
43:1 အို ယာကုပ်အမျိုး၊ ဣသရေလအနွယ်၊ သင့်ကိုဖန်ဆင်းပြုပြင်တော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊ မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနုတ်ပြီ။ ငါ့နာမဖြင့် မှည့်ပြီ။ သင့်ကို ငါဆိုင်၏။
43:2 သင်သည် ရေကိုလျှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို လျှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင်ရ။ မီးလျှံလည်း မညိရ။
43:3 အကြောင်းမူကား၊ ငါသည် သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ သင့်ကို ရွေးသောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား ဖြစ်၏။ သင့်ကိုရွေးဖို့၊ အဲဂုတ္တုပြည်ကိုလည်းကောင်း၊ သင့်အတွက် ကုရှပြည်နှင့် သေဘပြည်ကိုလည်းကောင်း ငါပေး၏။
43:4 သင်သည် ငါမြတ်နိုးရာဖြစ်သောကြောင့် အသရေရှိပြီ။ ငါလည်းချစ်၏။ ထိုကြောင့်၊ သင့်အတွက် လူတို့ကိုလည်းကောင်း၊ သင်၏အသက်အတွက် လူမျိုးတို့ကိုလည်းကောင်း ငါပေးမည်။
43:5 မစိုးရိမ်နှင့်။ ငါသည် သင်နှင့်အတူ ရှိ၏။ အရှေ့မျက်နှာမှ သင်၏အမျိုးအနွယ်ကို ငါဆောင်ခဲ့မည်။ အနောက်မျက်နှာမှ သင့်ကို စုသိမ်းမည်။
43:6 အပ်လော့ဟု မြောက်မျက်နှာကိုလည်းကောင်း၊ မထိမ်နှင့်ဟု တောင်မျက်နှာကိုလည်းကောင်း ငါပြောမည်။ ဝေးသောအရပ်၊ မြေကြီးစွန်းမှ ငါ့သားသမီးတည်းဟူသော၊
43:7 ငါ့နာမဖြင့် သမုတ်သောသူ၊ ငါ၏ဘုန်းအသရေဖို့ ငါဖန်ဆင်းပြုပြင်၍၊ ဧကန်စင်စစ် လုပ်ပြီးသော သူအပေါင်းတို့ကို ဆောင်ခဲ့လော့ဟု ငါပြောမည်။
43:8 မျက်စိရှိလျက်ပင် မျက်စိကန်းသောသူနှင့်၊ နားရှိလျက်ပင် နားပင်းသောသူတို့ကို ဆောင်ခဲ့လော့။
43:9 လူအမျိုးမျိုး အစုစုတို့သည် စုရုံးစည်းဝေးကြစေ။ သူတို့တွင် အဘယ်သူသည် ဤအမှုကို ဖော်ပြမည်နည်း။ အရင်ဖြစ်လတ္တံ့သော အရာကို အဘယ်သူ ဟောပြောမည်နည်း။ သူတို့သည် အပြစ်တင်ခွင့်နှင့် လွတ်မည်အကြောင်း၊ သက်သေတို့ကို ပြကြစေ။ သို့မဟုတ် နားထောင်၍၊ ဤသို့မှန်သည်ဟု ဝန်ခံကြစေ။
43:10 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည်၊ ငါ့ကိုသိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။
43:11 ငါတစ်ပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ။
43:12 ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဖော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတစ်ပါးသောဘုရားသည် ဖော်ပြနှင့်သည် မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။
43:13 နေ့ရက်ကာလမဖြစ်မီ ငါသည် ဘုရားဖြစ်၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနုတ်နိုင်။ ငါပြုသောအမှုကို အဘယ်သူ ဆီးတားမည်နည်းဟု ထာဝရဘုရားမိန့်တော်မူ၏။
43:14 သင်တို့ကို ရွေးနုတ်သောသခင်၊ ဣသရေလအမျိုး၏ သန့်ရှင်းသောထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အတွက်၊ ဗာဗုလုန်မြို့သို့ စေလွှတ်၍၊ ပြေးသော မြို့သားတို့နှင့် ခါလဒဲလူများကို သူတို့ပျော်မွေ့ရာ သင်္ဘောသို့ ဆင်းစေမည်။
43:15 ငါသည် သင်တို့၏ သန့်ရှင်းသောထာဝရဘုရား၊ ဣသရေလအမျိုးကို ဖန်ဆင်းသောဘုရား၊ သင်တို့၏ရှင်ဘုရင်ဖြစ်၏။
43:16 ပြင်းထန်သော ပင်လယ်ရေ၌ လမ်းခရီးကို ဖန်ဆင်းတော်မူထသော၊
43:17 ရထားများ၊ မြင်းများနှင့်တကွ၊ စစ်သူရဲအလုံးအရင်းတို့ကို ဆောင်ခဲ့တော်မူထသော၊ သူတို့ကို မထနိုင်အောင် တစ်ပြိုင်နက်တည်း အိပ်စေ၍၊ မီးစာသေသကဲ့သို့၊ ငြိမ်းစေတော်မူသော ထာဝရဘုရားမိန့်တော်မူသည်ကား၊
43:18 ဖြစ်ဖူးသောအမှုတို့ကို မအောက်မေ့ကြနှင့်။ ရှေးကာလ၏အရာတို့ကို ပမာဏမပြုကြနှင့်။
43:19 ကြည့်ရှုလော့။ အမှုသစ်ကိုငါပြုမည်။ ယခုပေါ်လာလိမ့်မည်။ သင်တို့သည် အမှန် သိမြင်ရကြလိမ့်မည်။ အကယ်စင်စစ် တော၌ လမ်းကိုလည်းကောင်း၊ လွင်ပြင်၌ စီးသောရေကိုလည်းကောင်း ငါဖန်ဆင်းမည်။
43:20 မြေခွေးနှင့် ကုလားအုတ်ငှက်မှစ၍၊ တောသားရဲတို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့သောက်စရာဖို့ တော၌ရေများကိုလည်းကောင်း၊ လွင်ပြင်၌ မြစ်တို့ကိုလည်းကောင်း ငါပေးမည်။
43:21 ကိုယ်အဖို့ ငါဖန်ဆင်းသော ထိုလူမျိုးသည် ငါ၏ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။
43:22 သို့သော်လည်း၊ အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုပတ္ထနာမပြု။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။
43:23 မီးရှို့ရာ သိုးသငယ်ကို ငါ့ထံသို့မဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းအားဖြင့် ငါ့ကို မချီးမြှောက်။ ငါသည် သင့်ကို အလှူဒါနနှင့် အမှုမထမ်းစေ။ လောဗန်ကို တောင်း၍ သင့်ကို မပင်ပန်းစေ။
43:24 သင်သည် မွှေးသောကြံကို ငါ့ဖို့ ငွေနှင့်မဝယ်။ ပူဇော်သောယဇ်ကောင်ဆီဥနှင့် ငါ့ကို ဝစွာမကျွေး။ သင်သည် ဒုစရိုက်အပြစ်နှင့် ငါ့ကို အမှုထမ်းစေပြီတကား။ အဓမ္မအမှုကိုပြု၍ ငါ့ကိုပင်ပန်းစေပြီတကား။
43:25 ငါတစ်ပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။
43:26 ငါ့ကို သတိပေးလော့၊ တရားတွေ့ကြကုန်အံ့။ သင်သည် အပြစ်လွတ်မည်အကြောင်း ပြောလော့။
43:27 သင်၏ ပထမအဘသည် ဒုစရိုက်ကိုပြုပြီ။ သင်၏ဆရာတို့သည် ငါ့ကို ပြစ်မှားကြပြီ။
43:28 ထိုကြောင့်၊ သန့်ရှင်းရာဌာန၏မင်းတို့ကို ငါရှုတ်ချပြီ။ ယာကုပ်အမျိုးသည် ကျိန်ဆဲခြင်းကိုလည်းကောင်း၊ ဣသရေလအမျိုးသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံစေခြင်းငှာငါစွန့်ပြီ။