Isaiah 60
60:1 သင်ထလော့။ လင်းလော့။ သင်၏အလင်းရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။
60:2 ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်းလိမ့်မည်။ ထူထပ်သောမှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက်ရှိလိမ့်မည်။
60:3 တစ်ပါးအမျိုးသားတို့သည် သင်၏အလင်းသို့လည်းကောင်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့လည်းကောင်း လာကြလိမ့်မည်။
60:4 အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသောသူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏သားသမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစားခြင်းကို ခံကြလိမ့်မည်။
60:5 ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်းခြင်းရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့်ဘက်သို့ ပြောင်းလဲ၍၊ တစ်ပါးအမျိုးသားတို့၏စည်းစိမ်သည် သင့်လက်သို့ရောက်လိမ့်မည်။
60:6 ကုလားအုတ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှဖြစ်သော ကုလားအုတ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့်မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့် လောဗန်ကိုဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။
60:7 ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင်၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဖွယ်သောလက္ခဏာနှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ဘုန်းပွင့်စေမည်။
60:8 မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိတို့အိမ်သို့ပျံသော ချိုးများကဲ့သို့လည်းကောင်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။
60:9 အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကြောင့်လည်းကောင်း၊ သင်၏ဘုန်းကို ပွင့်စေသော၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကြောင့်လည်းကောင်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေးမှဆောင်ခဲ့ခြင်းငှာ၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် ငါ့ကိုစောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦး ပြုကြလိမ့်မည်။
60:10 တစ်ပါးအမျိုးတို့သည် သင်၏မြို့ရိုးကို တည်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကိုဒဏ်ခတ်သော်လည်း၊ စေတနာစိတ်နှင့် သနားဦးမည်။
60:11 တစ်ပါးအမျိုးသားတို့၏စည်းစိမ်ကို သင့်ထံသို့ဆောင်ခဲ့၍၊ သူတို့၏ ရှင်ဘုရင်တို့ကိုလည်း ပို့သမည်အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညမပိတ်ဘဲ အစဉ်ဖွင့်ထားရလိမ့်မည်။
60:12 အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှုကိုမဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်းခြင်းကို အမှန်ခံရကြလိမ့်မည်။
60:13 ငါ၏ သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှာ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရှူးပင်၊ တဒေရပင်၊ တာရှုရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့်စေမည်။
60:14 သင့်ကို ညှဉ်းဆဲသောသူတို့၏သားတို့သည် သင့်ထံသို့လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင်ပြုသောသူ အပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြလိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ်ကြလိမ့်မည်။
60:15 သင့်ကို အဘယ်သူမျှ လျှောက်၍မသွားရမည်အကြောင်း၊ သူတစ်ပါးတို့သည် သင့်ကို စွန့်ပစ်ရွံရှာကြသည်အတွက်၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ် ဖြစ်စေမည်။ လူမျိုးအစဉ်အဆက် ဝမ်းမြောက်စရာ အကြောင်းလည်း ဖြစ်စေမည်။
60:16 သင်သည် တစ်ပါးအမျိုးသားတို့၏ နို့ကို စို့ရလိမ့်မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ သင့်ကို ကယ်တင်သောသူ၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားသည်၊ သင့်ကို ရွေးနုတ်သောသူ ဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။
60:17 ကြေးဝါအရာ၌ ရွှေကိုလည်းကောင်း၊ သံအရာ၌ ငွေကိုလည်းကောင်း၊ သစ်သားအရာ၌ ကြေးဝါကိုလည်းကောင်း၊ ကျောက်အရာ၌ သံကိုလည်းကောင်း ငါဆောင်ခဲ့မည်။ သင်၏အရာရှိတို့ကို ငြိမ်သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သောသဘောနှင့် ပြည့်စုံစေမည်။
60:18 သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံကို နောက်တစ်ဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်။
60:19 နောက်တစ်ဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသောအလင်း မဟုတ်၊ ညအချိန်၌လည်း၊ လအရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရားသခင်သည် သင်၏ဘုန်းအသရေ ဖြစ်တော်မူလိမ့်မည်။
60:20 နောက်တစ်ဖန် သင်၏နေသည် မဝင်ရ။ သင်၏ လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။
60:21 သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်းငှာ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသောပျိုးပင် ဖြစ်ရကြလိမ့်မည်။
60:22 သူငယ်တစ်ယောက်သည် လူတစ်ထောင်ဖြစ်ရလိမ့်မည်။ အားနည်းသောသူတစ်ယောက်သည် အားကြီးသောလူမျိုး ဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကိုနှိုးဆော်မည်။