Jeremiah 10
10:1 အို ဣသရေလ အမျိုးသားတို့၊ သင်တို့အား ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။
10:2 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာပလူတို့၏ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုးကောင်းကင်နိမိတ်တို့မှ မထိတ်လန့် မကြောက်ကြနှင့်။
10:3 လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့သည် တော၌ သစ်ပင်ကိုခုတ်လှဲ၍၊ ပုဆိန်နှင့်လုပ်တတ်သော လက်သမား၏ လက်လုပ်ရာဖြစ်သောအရာကို၊
10:4 ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှားစေခြင်းငှာ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။
10:5 သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကားမပြောတတ်။ မိမိအလိုအလျောက်မသွားနိုင်သောကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြနှင့်။ အန္တရာယ်ကို မပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။
10:6 အို ထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။
10:7 အို လူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲနေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌လည်းကောင်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌လည်းကောင်း ကိုယ်တော်နှင့် တူသောသူ တစ်စုံတစ်ယောက်မျှမရှိပါ။
10:8 သူတို့သည် တစ်လုံးတစ်ဝတည်း တိရစ္ဆာန်သဘောနှင့် မိုက်သောသဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။
10:9 ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာငွေပြားကို တာရှုမြို့မှလည်းကောင်း၊ ရွှေကိုလည်း ဥဖတ်မြို့မှလည်းကောင်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့် ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။
10:10 ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက်ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက်တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုးတို့သည် အမျက်တော်ကိုမခံနိုင်ကြ။
10:11 သာသနာပလူတို့အား ပြောရသောစကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။
10:12 ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကိုကြက်တော်မူပြီ။
10:13 အသံတော်ကိုလွှတ်တော်မူသောအခါ၊ မိုးရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက်စေတော်မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော်မူ၏။
10:14 လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့် တိရစ္ဆာန်ကဲ့သို့ ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသားဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက် မရှိ။
10:15 ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ လှည့်စားသောအရာလည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကိုခံရသည်ကာလ၌ ကွယ်ပျောက်ကြလိမ့်မည်။
10:16 ယာကုပ်အမျိုး၏အဖို့သည် ထိုသို့သောအရာနှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
10:17 အို ရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။
10:18 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင်ငါသည် လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲကပစ်၍၊ ရန်သူတို့လက်သို့ ရောက်စေခြင်းငှာ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။
10:19 ငါသည် ချိုးဖျက်ခြင်းကို ခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။
10:20 ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက်ကြ၏။ နောက်တစ်ဖန် ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူ မရှိ။
10:21 အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန်သဘောရှိ၍၊ ထာဝရဘုရားကိုမရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။
10:22 အသံကို ကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင်းဖြစ်စေခြင်းငှာ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။
10:23 အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို အကျွန်ုပ်သိပါ၏။
10:24 အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆုံးမတော်မူလျှင်၊ အကျိုးနည်းစေခြင်းငှာ အမျက်ထွက်တော်မမူပါနှင့်။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ။
10:25 ကိုယ်တော်ကိုမသိသော တစ်ပါးအမျိုးသားတို့ အပေါ်သို့လည်းကောင်း၊ နာမတော်ကို ပတ္ထနာမပြုသော အမျိုးအနွယ်တို့ အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်းလောင်းတော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုးကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင်ပယ်ရှားကြပါပြီ။