Jeremiah 46
46:1 တစ်ပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်တည်းဟူသော၊
46:2 ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ်မင်း နန်းစံလေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရောနေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ်တော်ဟူမူကား၊
46:3 ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှာ ချဉ်းကပ်ကြလော့။
46:4 မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကို ပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။
46:5 သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသောသူတို့သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
46:6 လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီးသောသူကို မလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက်မျက်နှာ၌ ထိမိ၍ လဲကြလိမ့်မည်။
46:7 နိလမြစ် ထသကဲ့သို့လည်းကောင်း၊ မြစ်ရေ စီးသကဲ့သို့လည်းကောင်း တက်လာသော ဤသူကား အဘယ်သူနည်း။
46:8 အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့လည်းကောင်း၊ မြစ်ရေစီးသကဲ့သို့လည်းကောင်း တက်လာလျက်၊ ငါသည်ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွ မြို့သားတို့ကိုဖျက်ဆီးမည်ဟု ပြောဆို၏။
46:9 မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သော လုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
46:10 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက် ဖြစ်သည်နှင့်အညီ၊ ဓားတော်သည် ကိုက်စား၍ ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာအကြောင်းရှိ၏။
46:11 အို အဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့သွား၍ ဗာလစံစေးကိုယူလော့။ သင်သည် များစွာသောဆေးကို အချည်းနှီးသုံးတတ်၏။ သင်၏အနာမပျောက်နိုင်ရာ။
46:12 သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင်မြည်တမ်းသော အသံသည် မြေတစ်ပြင်လုံး၌ နှံ့ပြားပြီ။ သူရဲချင်း တစ်ယောက်နှင့်တစ်ယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည် လဲကြပြီဟု မိန့်တော်မူ၏။
46:13 အဲဂုတ္တုပြည်ကို လုပ်ကြံခြင်းငှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူသောစကားဟူမူကား၊
46:14 သင့်ပတ်လည်၌ နေသောသူတို့ကို ဓားတော်သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ဟု အဲဂုတ္တုပြည်၌ ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
46:15 သင်၏သူရဲသည် အဘယ်ကြောင့်ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ်မနေနိုင်ရာ။
46:16 လူများတို့သည် ထိမိ၍ တစ်ယောက်အပေါ်မှာ တစ်ယောက်လဲစေခြင်းငှာ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သောဓားကြောင့် ကိုယ်အမျိုး၊ ကိုယ်နေရင်းပြည်သို့ ပြန်ကြကုန်အံ့ဟု ပြောဆိုကြ၏။
46:17 ရောက်ပြီးမှ အဲဂုတ္တုရှင်ဘုရင် ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
46:18 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသောရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါသည်အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင်ကဲ့သို့လည်းကောင်း၊ ပင်လယ်နားမှာ ကရမေလတောင်ကဲ့သို့လည်းကောင်း ထိုမင်းသည် လာလိမ့်မည်။
46:19 နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာပြောင်းစရာဖို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နောဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကိုခံရမည်။
46:20 အဲဂုတ္တုပြည်သည် အဆင်းလှသောနွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ယှက်ခြင်းအကြောင်း ပေါ်လာ၏။
46:21 သူငှားတို့သည် သူ၏အလယ်၌ ဆူအောင်ကျွေးသော နွားကဲ့သို့ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကို ခံရသောအချိန် ရောက်သောကြောင့်၊ သူတို့သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။
46:22 သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံးအရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံသည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
46:23 ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင်များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
46:24 အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက်ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ ရောက်လေပြီ။
46:25 ဣသရေလအမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်းဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစားသောသူတို့ကို ငါဆုံးမမည်။
46:26 သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့် သူ၏ကျွန်တို့လက်သို့ သူတို့ကိုငါအပ်မည်။ ထိုနောက်မှတစ်ဖန် အဲဂုတ္တုပြည်သည် အရင်ကဲ့သို့စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
46:27 အို ငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသောအရပ်မှလည်းကောင်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာပြည်မှလည်းကောင်း ငါနုတ်ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ခြောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်။
46:28 ငါ့ကျွန်ယာကုပ် မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန်ဆုံးမမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။