Ezekiel 1
1:1 သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခေါနိမင်းကြီးနန်းကျ ပဉ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသောသူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊
1:2 မိုးကောင်းကင်ပွင့်၍ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံတို့ကိုမြင်ရ၏။
1:3 ထိုအခါ ခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည်ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။
1:4 ငါကြည့်ရှု၍၊ ပြင်းစွာသောလေ၊ ကြီးစွာသော မိုးတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက်မျက်နှာမှ ပေါ်လာ၏။ မီးစက်ထဲက ဟရှမေလရွှေရောင် ထွက်လေ၏။
1:5 ထိုမီးစက်ထဲမှာ သတ္တဝါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တဝါတို့၏ အဆင်းသဏ္ဌာန်ဟူမူကား၊ လူ၏ပုံသဏ္ဌာန်ကိုဆောင်၍၊
1:6 မျက်နှာလေးခုစီ၊ အတောင်လည်းလေးခုစီရှိကြ၏။
1:7 ခြေထောက်သည် ဖြောင့်သော ခြေထောက်ဖြစ်၏။ ခြေဖဝါးသည် နွားသငယ်၏ ခြေဖဝါးကဲ့သို့ ဖြစ်၍ ဦးသစ်သောကြေးဝါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာ အတောင်အောက်၌ လူလက်ရှိ၏။
1:8 ထိုလေးပါးတို့သည် မျက်နှာတို့နှင့်လည်းကောင်း၊ အတောင်တို့နှင့်လည်းကောင်း ပြည့်စုံကြ၏။
1:9 အတောင်ချင်း တစ်ခုနှင့်တစ်ခု စပ်လျက်ရှိ၍၊ ထိုသတ္တဝါတို့သွားသောအခါ တစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။
1:10 မျက်နှာအဆင်းသဏ္ဌာန်ဟူမူကား၊ သတ္တဝါ လေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့် လည်းကောင်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ ရွှေလင်းတမျက်နှာနှင့်လည်းကောင်း ပြည့်စုံကြ၏။
1:11 အတောင်များတို့သည် အထက်သို့ပြန့်၍၊ အတောင်နှစ်ခုချင်း စပ်လျက်၊ နှစ်ခုဖြင့် ကိုယ်ကိုဖုံးလျက်ရှိကြ၏။
1:12 ထိုသတ္တဝါတို့သည် ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း သွားကြ၏။ သွားသောအခါတစ်ပါးမျှမလည်ဘဲ တည့်တည့် သွားတတ်ကြ၏။
1:13 ထိုသတ္တဝါတို့၏ အဆင်းအရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့် တူ၏။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြားလှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။
1:14 သတ္တဝါတို့သည်လည်း လျှပ်စစ်နွယ်ကဲ့သို့ အရောင်တောက်၍၊ ပြေးလျက် ပြန်လာလျက် ရှိကြ၏။
1:15 ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတစ်ခုစီ ထင်ရှား၏။
1:16 ထိုရထားဘီးတို့၏ အဆင်းအရောင်သည်ကား၊ ကျောက်မျက်ရွဲ အဆင်းအရောင်နှင့် တူ၏။ ထိုလေးခုတို့သည် အဆင်းအရောင် တညီတည်းရှိကြ၏။ ပုံသဏ္ဌာန်မူကား၊ ဘီးတစ်ခုအထဲ၌ ဘီးတစ်ခုတပ်သကဲ့သို့ ဖြစ်၏။
1:17 သွားသောအခါ ဘီးလေးမျက်နှာတို့သည် တညီတည်းဖြစ်၍ မလည်ဘဲ သွားတတ်ကြ၏။
1:18 ဘီးဝန်းတို့သည်လည်း မြင့်၍ ကြောက်မက်ဖွယ်ဖြစ်ကြ၏။ ထိုလေးပါးတို့သည် မျက်စိနှင့်ပြည့်ကြ၏။
1:19 သတ္တဝါတို့သည် သွားသောအခါ၊ ဘီးတို့သည်လည်း ထက်ကြပ်ပါကြ၏။
1:20 သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
1:21 သူတို့သွားသောအခါ ဘီးတို့သည် သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည် ရပ်ကြ၏။ သူတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ အကြောင်းမူကား၊ သတ္တဝါတို့၏ ဝိညာဉ်သည် ဘီးတို့၌ရှိ၏။
1:22 ထိုသတ္တဝါတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်၏ အဆင်းအရောင်သည်ရှိ၍၊ ကြောက်မက်ဖွယ်သော ကျောက်သလင်းမျက်နှာကြက်ကဲ့သို့ ဖြစ်၏။
1:23 မိုးမျက်နှာကြက်အောက်မှာ သူတို့အတောင်များသည် တစ်ခုသို့တစ်ခုတည့်တည့် ပြန့်လျက်ရှိ၍၊ ပြင်ဘက်၌လည်း ကိုယ်ကိုဖုံးစရာဖို့ အတောင်နှစ်ခုစီ ရှိ၏။
1:24 သူတို့သွားသောအခါ သမုဒ္ဒရာရေသံကဲ့သို့လည်းကောင်း၊ အနန္တတန်ခိုးရှင်၏ အသံတော်ကဲ့သို့လည်းကောင်း၊ အတောင်တို့ မြည်သောအသံကို ငါကြား၏။ စကားသံသည်လည်း လူအလုံးအရင်း၏စကားသံကဲ့သို့ဖြစ်၏။ ရပ်သောအခါ အတောင်တို့ကိုချလျက်နေကြ၏။
1:25 ရပ်၍အတောင်တို့ကို ချသောအခါ၊ သူတို့၏ ခေါင်းများအပေါ်မှာ မိုးမျက်နှာကြက်ထဲက စကားသံသည် ထွက်၏။
1:26 သူတို့၏ခေါင်းများအထက်၊ မိုးမျက်နှာကြက်အပေါ်၌လည်း နီလာကျောက်ကဲ့သို့ အဆင်းအရောင်ရှိသော ရာဇပလ္လင်သဏ္ဌာန်ပေါ်၏။ ပလ္လင်သဏ္ဌာန်အပေါ်၌လည်း လူပုံသဏ္ဌာန်ကဲ့သို့ပေါ်၏။
1:27 ပလ္လင်အတွင်း၌လည်းကောင်း၊ ပတ်လည်၌လည်းကောင်း၊ ခါးသဏ္ဌာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင်နှင့် မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီးအရောင်ကဲ့သို့ ထင်ရှား၍ ပတ်လည်၌ ထွန်းတောက်လေ၏။
1:28 ထိုသို့ ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင်၊ မိုးတိမ်၌ပေါ်သော သက်တံ၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွေ့ကား၊ ထာဝရဘုရား၏ဘုန်းတော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။