Daniel 1
1:1 ယုဒရှင်ဘုရင်ယောယကိမ် နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။
1:2 ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာလက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ်နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်းသို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။
1:3 ထိုအခါ ရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှပေနတ်ကိုခေါ်တော်မူ၍၊
1:4 မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၍၊ ကောင်းသောဉာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှာ တတ်စွမ်းနိုင်သောလူပျိုတို့ကို ဣသရေလ မင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကိုသင်စေဟု အမိန့်တော်ရှိ၏။
1:5 ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။
1:6 ထိုသူတို့တွင် ယုဒအမျိုးသား ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည်ပါကြ၏။
1:7 မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကို မေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကိုပေး၏။
1:8 ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟုအကြံရှိ၍၊ မိမိကို မညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။
1:9 ဘုရားသခင် ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမစိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊
1:10 ငါ့သခင်ကြည့်ရှုစေခြင်းငှာ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ငါကြောက်၏။ သင်တို့အစားအသောက်ကို စီရင်တော်မူပြီ။ သင်တို့မျက်နှာသည် အရွယ်တူ လူပျိုတို့၏ မျက်နှာလောက် အဆင်းမလှသည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
1:11 ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုစေခြင်းငှာ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊
1:12 အကျွန်ုပ်တို့ စားသောက်စရာဖို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။
1:13 ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာကိုစားသော လူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟု ပြောလျှင်၊
1:14 စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်းလေ၏။
1:15 ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။
1:16 ထိုအခါ စားတော်ကဲသည် သူတို့အစာကိုလည်းကောင်း၊ သူတို့သောက်ဖို့ စပျစ်ရည်ကိုလည်းကောင်း ရုပ်သိမ်း၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး၏။
1:17 ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်းငှာ၊ ထိုးထွင်း၍ နားလည်နိုင်သော ဉာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဉာဏ်ပညာနှင့် ပြည့်စုံ၏။
1:18 နန်းတော်သို့ သွင်းစေခြင်းငှာ ချိန်းချက်တော်မူသော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များတို့ကိုခေါ်၍ နန်းတော်သို့ သွင်းလေ၏။
1:19 ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေးမေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့် တူသောသူ တစ်ယောက်မျှမရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခစားရသော အခွင့်အရာကို ရကြ၏။
1:20 ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂုပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင်တော်မူ၏။
1:21 ဒံယေလသည် ကုရုမင်းကြီးနန်းစံ ပထမနှစ်တိုင်အောင် ရှိနေသတည်း။