Daniel 12
12:1 ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သော အရှင်ကြီးမိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။
12:2 ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက်ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ထာဝရအသရေပျက်ခြင်းနှင့်လည်းကောင်း နိုးကြလိမ့်မည်။
12:3 ပညာရှိသော သူတို့သည်လည်း၊ ကောင်းကင်မျက်နှာကြက်၏ အရောင်အဝါကဲ့သို့လည်းကောင်း၊ လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသော သူတို့သည်လည်း၊ ကြယ်များကဲ့သို့လည်းကောင်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။
12:4 သင်ဒံယေလမူကား၊ အမှုကုန်ရသည် ကာလတိုင်အောင်၊ ဤစကားတော်တို့ကို ပိတ်၍ စာစောင်ကို တံဆိပ်ခတ်ထားလော့။ အများသော သူတို့သည် ထိုစာကို ကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်ဟု ပြောဆို၏။
12:5 ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တစ်ဖက်တစ်ပါးစီ ရပ်နေကြ၏။
12:6 တစ်ပါးကလည်း၊ အံ့ဖွယ်သော ဤအမူအရာတို့သည် မကုန်စင်မီ အဘယ်မျှလောက် ကြာလိမ့်မည်နည်းဟု ပိတ်ချောကိုဝတ်လျက်၊ မြစ်ရေပေါ်မှာရှိသော လူကို မေးမြန်း၏။
12:7 ပိတ်ချောကိုဝတ်လျက် မြစ်ရေပေါ်မှာရှိသော လူကလည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ဖြစ်လိမ့်မည်။ သန့်ရှင်း သူတို့၏အစွမ်းသတ္တိကို အရပ်ရပ်သို့ ဖြန့်လွှင့်ခြင်းအမှုပြီးသောအခါ ထိုအမူအရာ အလုံးစုံတို့သည် ကုန်စင်ကြလိမ့်မည်ဟု လက်နှစ်ဖက်ကို ကောင်းကင်သို့ချီလျက် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားကို တိုင်တည်၍ ကျိန်ဆိုသည်ကို ငါကြား၏။
12:8 ထိုစကားကို ငါကြား၍ နားမလည်သောကြောင့်၊ သခင်ဘုရား၊ ဤအမူအရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်းဟု မေးလျှောက်လျှင်၊
12:9 ထိုသူက ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည် ကာလတိုင်အောင် ပိတ်၍ တံဆိပ်ခတ်ထားလျက် ရှိ၏။
12:10 လူအများတို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ရောက်၍ စုံစမ်းခြင်းကို ခံရကြလိမ့်မည်။ မတရားသောသူတို့သည် မတရားသဖြင့် ပြု၍ တစ်ယောက်မျှ နားမလည်ရ။ ပညာရှိသော သူတို့မူကား၊ နားလည်ကြလိမ့်မည်။
12:11 နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်း၍၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် ပေါ်လာပြီးမှ၊ အရက် တစ်ထောင်နှစ်ရာကိုးဆယ် ကြာလိမ့်မည်။
12:12 အရက် တစ်ထောင်သုံးရာသုံးဆယ်ငါးရက်တိုင်အောင် ငံ့လင့်၍ မီသောသူသည် မင်္ဂလာရှိ၏။
12:13 သင်မူကား အဆုံးမဖြစ်မီတိုင်အောင် သွားလော့။ ငြိမ်ဝပ်စွာနေရလိမ့်မည်။ နေ့ရက်ကာလ ကုန်စင်ပြီးမှ ကိုယ်အရိုက်အရာကိုခံ၍ ပေါ်ရလိမ့်မည်ဟုဆို၏။ ပရောဖက်ဒံယေလစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။