Daniel 6
6:1 ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေးအလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တစ်ရာနှစ်ဆယ် တို့ကိုလည်းကောင်း၊
6:2 အကျိုးတော်ကို မယုတ်မလျော့စေခြင်းငှာ၊ ထိုမြို့ဝန်အပေါင်းတို့ကို အုပ်ချုပ်စစ်ကြောရသော ဝန်ကြီးသုံးပါးကိုလည်းကောင်း အလိုတော်ရှိသည်အတိုင်း ခန့်ထားတော်မူ၏။ ထိုဝန်ကြီးသုံးပါးတွင် ဒံယေလသည် ဝန်ကြီးအရာကိုရသည်သာမက၊
6:3 ထူးဆန်းသော ဉာဏ်နှင့်ပြည့်စုံ၍ မြို့ဝန်တကာ၊ ဝန်ကြီးတကာတို့ထက် လွန်ကဲသောကြောင့်၊ နိုင်ငံတော်တစ်နိုင်ငံလုံးကို သူ၌ အပ်နှင်းမည်ဟု ရှင်ဘုရင်သည် အကြံရှိတော်မူ၏။
6:4 ထိုအခါ ဝန်ကြီးနှင့် မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကိုရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှ မရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊
6:5 ဘုရားသခင်၏ ဘာသာမှုမှတစ်ပါး အခြားသောအမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကို ငါတို့မတွေ့နိုင်ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊
6:6 အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင်မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။
6:7 ကိုယ်တော်မြတ်မှတစ်ပါး အခြားသော လူကိုဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်ရမည်ဟု မဖောက်ပြန်နိုင်သော အမိန့်တော်မြတ်ကို ထုတ်စေခြင်းငှာ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။
6:8 သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှာ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊
6:9 ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ်ခတ်တော်မူ၏။
6:10 အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော်လည်း၊ မိမိအိမ်သို့သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြူတင်းပေါက် ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း၊ တစ်နေ့သုံးကြိမ် ဒူးထောက်လျက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏။
6:11 ထိုသို့ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြုလျက်နေသည်ကို မှူးမတ်အရာရှိတို့သည် စည်းဝေး၍ တွေ့မြင်ကြလျှင်၊
6:12 အထံတော်သို့ဝင်၍၊ အရှင်မင်းကြီး၊ ကိုယ်တော်မြတ်မှတစ်ပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူ မည်သည်ကို ခြင်္သေ့လှောင်သောတွင်းထဲသို့ ချပစ်စေဟု အမိန့်တော်ကို တံဆိပ်ခတ်တော်မူလျက် ရှိပါသည်မဟုတ်လောဟု အမိန့်တော်အကြောင်းကို မေးလျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း မှန်ပေသည်ဟု မိန့်တော်မူ၏။
6:13 မှူးမတ်အရာရှိတို့ကလည်း၊ အရှင်မင်းကြီး၊ ယုဒပြည်ကသိမ်းယူခဲ့သော ယုဒလူမျိုးဒံယေလသည် အာဏာတော်ကို ပမာဏမပြု၊ တံဆိပ်ခတ်တော်မူသော အမိန့်တော်ကို ဆန့်ကျင်လျက်၊ တစ်နေ့သုံးကြိမ်တိုင်အောင် ဆုတောင်း၍နေပါသည်ဟု လျှောက်ထားကြ၏။
6:14 ထိုစကားကို ကြားလျှင်၊ ရှင်ဘုရင်သည် အလွန်နောင်တရ၍ ဒံယေလကို လွှတ်ခြင်းငှာ စိတ်အားကြီးသဖြင့်၊ လွှတ်ရသောအခွင့်ကို နေဝင်သည်တိုင်အောင် ကြိုးစား၍ ရှာတော်မူ၏။
6:15 တစ်ဖန် မှူးမတ်အရာရှိတို့သည် အထံတော်သို့ စည်းဝေး၍၊ အရှင်မင်းကြီး၊ တစ်ခါထုတ်ပြီးသော အမိန့်တော် မပျက်နိုင်ရာဟု မေဒိ၊ ပေရသိဓမ္မသတ်၌ ပါကြောင်းကို သတိထားတော်မူပါဟု လျှောက်ကြပြန်လျှင်၊
6:16 တစ်ဖန် ရှင်ဘုရင်မိန့်တော်မူသည်အတိုင်း၊ ဒံယေလကိုခေါ်၍ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြ၏။ ရှင်ဘုရင်ကလည်း၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုကယ်လွှတ်ပါစေဟု ဒံယေလကို မိန့်တော်မူ၏။
6:17 ကျောက်ပြားကိုလည်း ယူခဲ့၍ တွင်းဝကို ပိတ်ပြီးလျှင်၊ ဒံယေလအမှု၌ စီရင်ချက်ကို မတိုးမလျော့ စေခြင်းငှာ၊ ရှင်ဘုရင်တံဆိပ်နှင့် မှူးမတ်တို့တံဆိပ်ကို ခတ်တော်မူ၏။
6:18 ထိုနောက်၊ ရှင်ဘုရင်သည် နန်းတော်သို့ ပြန်၍ တစ်ညလုံး စားတော်မခေါ်၊ အငြိမ့်တန်ဆာကို အထံတော်သို့ မသွင်းစေဘဲ စက်တော်ခေါ်၍ မပျော်နိုင်။
6:19 နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်အမြန် သွားတော်မူ၏။
6:20 ရောက်လျှင်၊ ငိုကြွေးသောအသံနှင့် ဒံယေလကိုခေါ်၍၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန်ဒံယေလ၊ သင်မပြတ် ကိုးကွယ်သော ဘုရားသခင်သည် သင့်ကိုခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလောဟု မေးတော်မူ၏။
6:21 ဒံယေလက၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲ ရှင်ပါစေ။
6:22 အကျွန်ုပ်၏ ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူသဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင့်ရှေ့၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါဟု ပြန်လျှောက်လေ၏။
6:23 ထိုအခါ ရှင်ဘုရင်သည် အလွန်ဝမ်းမြောက်၍၊ ဒံယေလကို တွင်းထဲက ထုတ်ယူစေဟု အမိန့်တော်ရှိသည်အတိုင်း ဒံယေလကို တွင်းထဲက ထုတ်ယူ၍၊ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ၌ထိခိုက်သောအနာ တစ်ခုမျှ မရှိ။
6:24 ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မီ ခြင်္သေ့တို့သည်နိုင်၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
6:25 ထိုအခါ မြေကြီးတစ်ပြင်လုံးတွင် အရပ်ရပ်တို့၌ နေ၍၊ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ရှိရာသို့ အမိန့်တော်စာနှင့် စေလွှတ်တော်မူ၏။ စာချက်ဟူမူကား၊ သင်တို့၌ ငြိမ်ဝပ်ချမ်းသာခြင်း များပြားစေသော။
6:26 ငါအစိုးရသော တစ်နိုင်ငံလုံးတွင် ရှိနေသော သင်တို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြကုန်ဟု ငါအမိန့်တော်ရှိ၏။ အကြောင်းမူကား၊ ထို ဘုရားသခင်သည် အသက်ရှင်တော်မူသောဘုရား၊ နိစ္စထာဝရတည်တော်မူသော ဘုရား ဖြစ်တော်မူ၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်။ အာဏာစက်တော်လည်း အစဉ်အဆက် တည်လိမ့်မည်။
6:27 မစကယ်တင်ခြင်း ကျေးဇူးကို ပြုတော်မူ၏။ ကောင်းကင်မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဩဖွယ်တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ်တော်မူသော ဘုရားသခင်သည် ထိုသို့သောဘုရား ဖြစ်တော်မူ၏ဟု အမိန့်တော်ရှိ၏။
6:28 ထိုသို့ဒံယေလသည် ဒါရိမင်းကြီးလက်ထက်၌လည်းကောင်း၊ ပေရသိအမျိုး ကုရုမင်းကြီး လက်ထက်၌လည်းကောင်း ကောင်းစားလျက်နေ၏။