Hosea 13
13:1 ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတစ်ပါးကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့်မြတ်၏။ နောက်တစ်ဖန် ဗာလဘုရားအားဖြင့် ပြစ်မှားသောကြောင့် သေ၏။
13:2 ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဉာဏ်ပညာအားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ်အဖို့ လုပ်ကြ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
13:3 ထိုကြောင့်၊ သူတို့သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း၊ ကောက်နယ်တလင်းမှ လေပွေတိုက်သွားသော ဖွဲကဲ့သို့လည်းကောင်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။
13:4 သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နုတ်သော သင်၏ဘုရားသခင်ဖြစ်၏။ ငါမှတစ်ပါး အခြားသော ဘုရားသခင်ကို သင်မသိပြီ။ ငါမှတစ်ပါး ကယ်တင်နိုင်သော သခင်မရှိ။
13:5 အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြောစွာ စားရကြ၏။
13:6 ဝသောအခါ ဝါကြွားသောစိတ်ရှိ၍ ငါ့ကို မေ့လျော့ကြ၏။
13:7 ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ်မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။
13:8 သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို၍၊ သူတို့နှလုံး၌ ဖုံးသောအမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့မကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တောသားရဲဖြစ်၍ အပိုင်းပိုင်း ဆွဲဖြတ်မည်။
13:9 အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သောအရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
13:10 သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
13:11 ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင်တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တစ်ဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ်ရှားပြီ။
13:12 ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏အပြစ်ကို သိုမှီးပြီ။
13:13 သူသည် သားဖွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဖွားရာဝမ်းဝ၌ ကြာမြင့်စွာ နေပါသည်တကား။
13:14 သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ်မည်။ သေမင်းလက်မှလည်း ရွေးမည်။ အို သေမင်း၊ သင့်ကို ကာလနာစွဲစေမည်။ အို မရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီးသောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်းကို ပမာဏမပြု။
13:15 မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ်သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသမျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူလိမ့်မည်။
13:16 ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည် ဝမ်းခွဲခြင်းကိုလည်းကောင်း ခံရကြလိမ့်မည်။