Leviticus 1
1:1 ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာတဲတော်ထဲက အသံကိုလွှင့်လျက် မောရှေကိုခေါ်တော်မူ၍၊
1:2 သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သကာကိုပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ ဆက်ရမည်။
1:3 နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားမှာဆက်ရမည်။
1:4 ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
1:5 ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနား ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
1:6 ပူဇော်သောသူသည် ထိုအကောင်၏အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။
1:7 အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊
1:8 ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတစ်များကိုတင်ရမည်။
1:9 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့် အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
1:10 သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊
1:11 ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင်မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
1:12 ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့် ဆီဥကိုစုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာခင်းရမည်။
1:13 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တစ်ကောင်လုံးကိုဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
1:14 ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ဆက်ရမည်။
1:15 ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။
1:16 စလုတ်မှစ၍ စလုတ်၌ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင်အရှေ့ဘက်နား၌ ပစ်ထားရမည်။
1:17 အတောင်ပါလျက်ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာမီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သကာဖြစ်သတည်း။