Leviticus 10
10:1 အာရုန်၏သားနာဒပ်နှင့် အဘိဟုတို့သည်၊ ကိုယ်စီဆိုင်သောလင်ပန်းတို့ကိုယူလျက်၊ မီးကိုထည့်၍ လောဗန်ကိုတင်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသောမီးကို ရှေ့တော်၌ပူဇော်၏။
10:2 ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကိုလောင်သဖြင့် ရှေ့တော်၌သေကြ၏။
10:3 ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံသို့ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကိုချီးမြှင့်ရကြမည်ဟု မိန့်တော်မူရာ၌၊ ထိုသို့သောအမှုကိုရည်ဆောင်၍ မိန့်တော်မူသည်ဟုဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာနေလေ၏။
10:4 မောရှေသည် အာရုန်၏ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ပေါက်ဖော်တို့ကို သန့်ရှင်းရာဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟုဆိုသည်အတိုင်း၊
10:5 သူတို့သည်လာ၍ အင်္ကျီဝတ်လျက်ရှိသောအသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။
10:6 မောရှေသည် အာရုန်နှင့်သူ၏သား ဧလာဇာနှင့်ဣသမာတို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကိုမဆုတ်နှင့်။ သင်တို့ညီအစ်ကို ဣသရေလအမျိုးသားရှိသမျှတို့သည် ထာဝရဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။
10:7 သင်တို့သေမည်ကို စိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာတံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏။
10:8 တစ်ဖန် အာရုန်အားထာဝရဘုရားက၊
10:9 သင်နှင့် သင်၏သားတို့သည် သေဘေးနှင့်ကင်းလွတ်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှာလည်းကောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားသမျှသောပညတ်တို့ကို ဣသရေလအမျိုးသားတို့၌ သွန်သင်တတ်ခြင်းငှာလည်းကောင်း၊ ပရိသတ်စည်းဝေးရာတဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ်မျိုးကိုမသောက်နှင့်။ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
10:12 မောရှေသည်လည်း၊ အာရုန်နှင့် ကြွင်းသောသားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရဘုရားအားမီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သကာအကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာစားကြလော့။ အလွန်သန့်ရှင်းပေ၏။
10:13 ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက သင်နှင့်သင်၏သားတို့ ခံထိုက်သောအဖို့ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
10:14 ချီလွှဲသောရင်ပတ်၊ ချီမြှောက်သောပခုံးကိုကား၊ သင်နှင့်တကွ သင်၏သားသမီးတို့သည် စင်ကြယ်သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သောမိတ်သဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဖို့ဖြစ်သတည်း။
10:15 မီးဖြင့်ပူဇော်သောယဇ်ကောင် ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာကို ပြုခြင်းငှာဆောင်ခဲ့ရကြ၍၊ ထာဝရပညတ်တော်အတိုင်း၊ သင်နှင့် သင်၏သားတို့သည် ကိုယ်အဖို့ယူရကြမည်။ ထိုသို့ ထာဝရဘုရားမှာထားတော်မူပြီဟု ဆိုလေ၏။
10:16 တစ်ဖန် မောရှေသည် အပြစ်ဖြေရာယဇ်ပြုသောဆိတ်ကို ကြိုးစား၍ ရှာသော်လည်းမတွေ့။ မီးရှို့နှင့်ပြီ။ ထိုကြောင့် ကြွင်းသောအာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက်ဆိုသည်ကား၊
10:17 အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့အပြစ်ကိုခံ၍၊ ထာဝရဘုရားရှေ့တော်၌ သူတို့အဖို့ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာ ထိုယဇ်သားကိုပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာဌာနတော်၌ အဘယ်ကြောင့်မစားသနည်း။
10:18 ထိုယဇ်သားအသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည်အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊
10:19 အာရုန်က၊ ယနေ့သူတို့သည် လူများတို့အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ်၌ ထိုသို့သောအမှုရောက်သည်တွင်၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကိုစားမိလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
10:20 မောရှေသည် ထိုစကားကိုကြားလျှင် ဝန်ခံလေ၏။