Leviticus 24
24:1 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
24:2 ပရိသတ်စည်းဝေးရာတဲတော်တွင် သက်သေခံချက်ကုလားကာပြင်မှာ မီးခုံ၌ အစဉ်မပြတ်မီးထွန်းရာဖို့၊ သံလွင်သီးကို ထောင်း၍ယူသော သံလွင်ဆီစစ်ကို၊ ဣသရေလအမျိုးသားတို့သည် သင့်ထံသို့ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။
24:3 အာရုန်သည်လည်း၊ ညဥ့်ဦးမှသည်နံနက်တိုင်အောင် ထာဝရဘုရားရှေ့တော်၌ ထိုအမှုကိုစီရင်ရမည်။ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
24:4 စင်ကြယ်သောမီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။
24:5 သင်သည်မုန့်ညက်ကိုယူ၍၊ မုန့်တစ်လုံးလျှင် နှစ်ဩမဲစီ၊ မုန့်ဆယ်နှစ်လုံးကို လုပ်ပြီးလျှင်၊
24:6 ထာဝရဘုရားရှေ့ စင်ကြယ်သောစားပွဲပေါ်မှာ မုန့်တစ်လုံးပေါ်၌ တစ်လုံးကိုထပ်ဆင့်၍၊ တစ်ပုံခြောက်လုံးစီ၊ နှစ်ပုံပုံရမည်။
24:7 ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာတည်းဟူသော အောက်မေ့တော်မူဖို့ရာဖြစ်စေခြင်းငှာ ထိုမုန့်နှစ်ပုံပေါ်မှာ စင်ကြယ်သောလောဗန်ကို တင်ထားရမည်။
24:8 ထာဝရဘုရား၏ ပဋိညာဉ်နှင့်အညီ၊ ဣသရေလအမျိုးသားတို့ လက်မှခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရားရှေ့တော်၌ ဥပုသ်နေ့တိုင်း အစဉ်အမြဲပြင်ဆင်ရမည်။
24:9 ထိုမုန့်ကို အာရုန်နှင့်သူ၏သားတို့သည်ပိုင်၍၊ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက ထိုမုန့်သည်၊ ထာဝရပညတ်တော်အတိုင်း၊ အာရုန်အဖို့ အလွန်သန့်ရှင်းသောအရာဖြစ်သည်ဟု မိန့်တော်မူ၏။
24:10 အဲဂုတ္တုလူနှင့် ဣသရေလမိန်းမရ၍ ဣသရေလအမျိုးသားတို့နှင့်အတူ လိုက်လာသောသားတစ်ယောက်သည်၊ တပ်ထဲမှာ ဣသရေလလူနှင့် ရန်တွေ့သဖြင့်၊
24:11 နာမတော်ကိုပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီးရှေလောမိတ် ဖြစ်သတည်း။
24:12 ပြစ်မှားသောသူကို မောရှေထံသို့ဆောင်ယူခဲ့၍ ထာဝရဘုရား၏အလိုတော်ကို မသိမီတိုင်အောင်ချုပ်ထားကြ၏။
24:13 ထာဝရဘုရားကလည်း၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ဆောင်သွား၍၊
24:14 သူ၏စကားကိုကြားသော သူအပေါင်းတို့သည် သူ၏ခေါင်းပေါ်မှာ လက်ကိုတင်ပြီးမှ၊ ပရိသတ်အပေါင်းတို့သည် ကျောက်ခဲနှင့်ပစ်ကြစေ။
24:15 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ မိမိဘုရားသခင်ကို ကျိန်ဆဲသောသူသည် မိမိအပြစ်ကိုခံရမည်။
24:16 ထာဝရဘုရား၏နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် ထိုသူကို အမှန်ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ၊ နာမတော်ကိုပြစ်မှားလျှင် အသေသတ်ခြင်းကိုခံရမည်။
24:17 လူအသက်ကိုသတ်သောသူသည်လည်း အသေသတ်ခြင်းကို အမှန်ခံရမည်။
24:18 တိရစ္ဆာန်အသက်ကို သတ်သောသူသည်လည်း ဥစ္စာရှင်အား တစ်ကောင်အတွက် တစ်ကောင်ကိုလျော်ရမည်။
24:19 လူသည် အိမ်နီးချင်းကိုနာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။
24:20 အရိုးကိုချိုးသည်အတွက် အရိုးချိုးခြင်းကိုလည်းကောင်း၊ မျက်စိကိုဖျက်သည်အတွက်၊ မျက်စိဖျက်ခြင်းကိုလည်းကောင်း၊ သွားကိုချိုးသည်အတွက်၊ သွားချိုးခြင်းကိုလည်းကောင်း၊ သူ့ကို နာကျင်စွာပြုသည်အတိုင်း၊ ကိုယ်တိုင်နာကျင်စွာခံရမည်။
24:21 တိရစ္ဆာန်အသက်ကို သတ်သောသူသည်၊ တစ်ကောင်အတွက်၊ တစ်ကောင်ကို ပြန်ပေးရမည်။ လူအသက်ကို သတ်သောသူသည် အသေသတ်ခြင်းကို ခံရမည်။
24:22 ကိုယ်အမျိုးသားဖြစ်စေ၊ သူတစ်ပါးအမျိုးသားဖြစ်စေ၊ တစ်ပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။
24:23 ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ရမည်အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း သူတို့သည်ပြုကြ၏။