Leviticus 3
3:1 နွားကိုမိတ်သဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကို၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။
3:2 ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
3:3 အအူကို ဖုံးသောဆီဥ၊
3:4 အအူနှင့်ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိတ်သဟာယယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာဖို့ ဆက်ပြီးမှ၊
3:5 အာရုန်၏သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာတင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
3:6 ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိတ်သဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကိုဆက်ရမည်။
3:7 သိုးသငယ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊
3:8 ပူဇော်သောသိုး၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာသတ်ပြီးလျှင်၊ အာရုန်၏သားတို့သည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
3:9 အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ၊ အအူကိုဖုံးသော အဆီဥ၊ အအူနှင့်ဆိုင်သမျှသော အဆီဥ၊
3:10 ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိတ်သဟာယ ယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာဖို့ဆက်ပြီးမှ၊
3:11 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ အစာအာဟာရဖြစ်သတည်း။
3:12 ဆိတ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊
3:13 ဆိတ်ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏သားတို့သည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။
3:14 အအူကိုဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊
3:15 ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတို့ကို၊ မိမိပူဇော်သကာထဲတွင် ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သကာဖို့ဆက်ပြီးမှ၊
3:16 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ မွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသော ပူဇော်သကာ အစာအာဟာရဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။
3:17 သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကိုမစားရဟု ထာဝရပညတ်တော်ဖြစ်သည်ဟု မိန့်တော်မူ၏။