Amos 1
1:1 ယုဒရှင်ဘုရင် ဩဇိမင်း၊ ဣသရေလရှင်ဘုရင် ယောရှ၏သား ယေရောဗောင်မင်းတို့လက်ထက်၊ မြေကြီးမလှုပ်မီ နှစ်နှစ်အထက်က၊ သိုးထိန်းစုအဝင်ဖြစ်သော တေကောရွာသား အာမုတ်သည် ဣသရေလပြည်အတွက်ခံရသော ဗျာဒိတ်တော်စကားဟူမူကား၊
1:2 ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။
1:3 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဒမာသက်မြို့သည် ဂိလဒ်ပြည်ကို စပါးနယ်ရာ သံယန္တရားစက်တို့နှင့် ကြိတ်နယ်သောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
1:4 ဟာဇေလမင်းမျိုးအပေါ်သို့ မီးကိုလွှတ်၍၊ ဗင်္ဟာဒဒ်မင်း၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
1:5 ဒမာသက်မြို့ တံခါးကန့်လန့်ကျင်တို့ကို ချိုးမည်။ အာဝင်ချိုင့်သားတို့ကိုလည်းကောင်း၊ ဗေသေဒင်မြို့၌ မင်းပြုသောသူတို့ကိုလည်းကောင်း ပယ်ဖြတ်မည်။ ရှုရိပြည်သားတို့သည် ကိရမြို့သို့ သိမ်းသွားခြင်းကိုခံရကြမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
1:6 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဂါဇမြို့သည် ချုပ်ထားသောသူအပေါင်းတို့ကို ဧဒုံမင်း၌ အပ်ခြင်းငှာ သိမ်းသွားသောအပြစ် သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
1:7 ဂါဇမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကိုလောင်စေမည်။
1:8 အာဇုတ်မြို့သားတို့ကိုလည်းကောင်း၊ အာရှကေလုန်မြို့၌ မင်းပြုသောသူတို့ကိုလည်းကောင်း ပယ်ဖြတ်မည်။ ဧကြုန်မြို့ကိုလည်းတိုက်၍ ကျန်ကြွင်းသော ဖိလိတ္တိလူတို့သည် ပျက်စီးကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
1:9 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သော မိတ်သဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
1:10 တုရုမြို့ရိုးအပေါ်သို့ မီးကိုလွှတ်၍ ဘုံဗိမာန်တို့ကို လောင်စေမည်။
1:11 တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဧဒုံပြည်သည် သနားသောစိတ်ကိုချုပ်တည်း၍၊ ညီအစ်ကိုကို ဓားနှင့်လိုက်သောအပြစ်၊ ဒေါသစိတ်နှင့် အစဉ်အမြဲဆွဲဖြတ်၍ အစဉ်အမြဲ အငြိုးထားသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
1:12 တေမန်မြို့အပေါ်သို့ မီးကိုလွှတ်၍၊ ဗောဇရမြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
1:13 တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှာ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
1:14 ရဗ္ဗာမြို့ရိုးကိုမီးရှို့၍ ဘုံဗိမာန်တို့ကို လောင်စေမည်။ စစ်တိုက်သောနေ့၌ အော်ဟစ်ခြင်း၊ မိုးသက်မုန်တိုင်း ရောက်သောနေ့၌ လွင့်သွားခြင်းရှိလိမ့်မည်။
1:15 သူတို့ရှင်ဘုရင်ကိုယ်တိုင်မှစ၍၊ မှူးတော်မတ်တော်များတို့သည် သိမ်းသွားခြင်းကို ခံရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။