Amos 9
9:1 တစ်ဖန် ငါကြည့်ရှု၍ ဘုရားရှင်သည် ယဇ်ပလ္လင်ပေါ်မှာ ရပ်လျက် မိန့်တော်မူသည်ကား၊ ရှိသမျှသောသူတို့၏ ခေါင်းပေါ်သို့ တံခါးတိုင်လှုပ်၍ ပြိုကျစေခြင်းငှာ တံခါးထုပ်ကို ရိုက်လော့။ သူတို့သားမြေးများကိုလည်း ဓားနှင့် ငါကွပ်မျက်မည်။ ပြေးသောသူသည် မလွတ်ရ။ လွတ်သောသူသည်လည်း ချမ်းသာကို မတွေ့ရ။
9:2 မရဏနိုင်ငံတိုင်အောင် တွင်းတူးသော်လည်း ငါနုတ်ယူမည်။ မိုးကောင်းကင်သို့ တက်သော်လည်း ငါချမည်။
9:3 ကရမေလတောင်ထိပ်၌ ပုန်းရှောင်သော်လည်း၊ ငါရှာ၍ ထုတ်မည်။ ငါနှင့်လွတ်အံ့သောငှာ သမုဒ္ဒရာအောက်၌ ပုန်းရှောင်သော်လည်း၊ ငါသည် နဂါးကိုမှာလိုက်၍ ကိုက်စေမည်။
9:4 ရန်သူတို့သည် သိမ်းသွားသော်လည်း၊ အခြားသောအရပ်၌ ငါသည် ဓားကိုမှာလိုက်၍ သတ်စေမည်။ ကျေးဇူးမပြု၊ အပြစ်ပြုခြင်းငှာသာ ငါကြည့်ရှုမည်။
9:5 ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရားသခင် ထာဝရဘုရားသည် မြေကိုထိတော်မူလျှင်၊ မြေသည် အရည်ဖြစ်၍ မြေသားအပေါင်းတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်ကဲ့သို့ တစ်ပြည်လုံးထပြီးလျှင်၊ တစ်ဖန် အဲဂုတ္တုမြစ်၌ မြုပ်သကဲ့သို့ မြုပ်လိမ့်မည်။
9:6 အထက်အခန်းတော်တို့ကို ကောင်းကင်၌ဆောက်၍၊ အောက်တိုက်တော်ကို မြေကြီးပေါ်မှာ တည်တော်မူ၏။ သမုဒ္ဒရာရေကိုခေါ်၍ မြေကြီးပြင်၌ သွန်းလောင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
9:7 အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၌ ကုရှအမျိုးသားကဲ့သို့ ဖြစ်ကြသည်မဟုတ်လော။ ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သကဲ့သို့၊ ဖိလိတ္တိလူတို့ကို ကတ္တောရပြည်မှလည်းကောင်း၊ ရှုရိလူတို့ကို ကိရပြည်မှလည်းကောင်း ငါနုတ်ဆောင်ပြီမဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
9:8 အရှင်ထာဝရဘုရားသည် အပြစ်ရှိသော တိုင်းနိုင်ငံကို ကြည့်ရှုလျက်၊ ထိုတိုင်းနိုင်ငံကို မြေကြီးပြင်မှ ငါသုတ်သင်ပယ်ရှင်းမည်။ သို့သော်လည်း၊ ယာကုပ်အမျိုးကို ရှင်းရှင်းမဖျက်ဆီးဟု မိန့်တော်မူ၏။
9:9 တစ်ဖန် ငါအမိန့်တော်ရှိသဖြင့် ဆန်ကို ဆန်ခါနှင့် ချသကဲ့သို့၊ ဣသရေလအမျိုးကို ခပ်သိမ်းသောအမျိုးတို့တွင် ဆန်ခါနှင့် ငါချမည်။ ဆန်တစ်စေ့မျှ မြေသို့မကျရ။
9:10 ဘေးဥပဒ်သည် ငါတို့ကို မမီနိုင်၊ မဆီးတားနိုင်ဟုဆိုလျက်၊ အပြစ်များသော ငါ၏လူအပေါင်းတို့သည် ဓားဖြင့် သေရကြလိမ့်မည်။
9:11 ကျန်ကြွင်းရစ်သော ဧဒုံအမျိုးသားမှစ၍ ငါ၏နာမဖြင့် သမုတ်သော တစ်ပါးအမျိုးသားအပေါင်းတို့ကို သိမ်းယူစေခြင်းငှာ၊
9:12 လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ထိုကာလ၌ ငါဆောက်တည်ပြန်မည်။ အက်ကွဲရာများကို စေ့စပ်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို ရှေးကာလ၌ရှိသကဲ့သို့ မတ်စေပြန်မည်ဟု၊ ဤအမှုအရာကို စီရင်တော်မူသော ထာဝရဘုရား၏ ဗျာဒိတ်တော်ရှိ၏။
9:13 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လယ်ထွန်သောသူသည် စပါးရိတ်သော သူကိုလည်းကောင်း၊ စပျစ်သီးနယ်သောသူသည် မျိုးစေ့ကြဲသော သူကိုလည်းကောင်းမီလျက်၊ တောင်တို့မှ ချိုသောစပျစ်ရည်ယို၍၊ ကုန်းရှိသမျှတို့လည်း အရည်ဖြစ်ရသောကာလ ရောက်လိမ့်မည်။
9:14 သိမ်းသွားခြင်းကိုခံရသော ငါ၏လူ ဣသရေလအမျိုးသားတို့ကို တစ်ဖန်ငါဆောင်ခဲ့သဖြင့်၊ သူတို့သည် ပျက်စီးသောမြို့များကို ပြုပြင်၍ နေကြလိမ့်မည်။ စပျစ်ဥယျာဉ်များကိုစိုက်၍ စပျစ်ရည်ကို သောက်ကြလိမ့်မည်။ လယ်ယာများကို ပြုစု၍ အသီးတို့ကို စားကြလိမ့်မည်။
9:15 သူတို့ကို နေရင်းအရပ်၌ ငါစိုက်ထားမည်။ ငါပေးသောပြည်မှ နောက်တစ်ဖန် အဘယ်သူမျှ မနုတ်ရဟု၊ သင်၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူ၏။ ပရောဖက်အာမုတ်စီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏။