Jonah 4
4:1 ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက်သဖြင့်၊ အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်သည် ကိုယ်ပြည်၌ရှိစဉ်၊ ဤသို့ပြောပါပြီမဟုတ်လော။ ထိုကြောင့်၊ ကိုယ်တော်ထံမှ တာရှုမြို့သို့ ကြိုးစား၍ ပြေးပါ၏။
4:2 ကိုယ်တော်သည် သနားစုံမက်တတ်သောဘုရားဖြစ်၍ စိတ်ရှည်သောသဘော၊ ကျေးဇူးပြုချင်သောသဘော၊ အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သော သဘောရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
4:3 သို့ဖြစ်၍၊ အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို နုတ်ယူတော်မူပါ။ အကျွန်ုပ်အသက်ရှင်ခြင်းထက် သေခြင်းသည် သာ၍ကောင်းပါသည်ဟု တောင်းလျှောက်လေ၏။
4:4 ထာဝရဘုရားကလည်း၊ သင်သည် အမျက်ထွက် ကောင်းသလောဟု မေးတော်မူ၏။
4:5 ယောနသည် မြို့၌ အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှာ၊ မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာ၌ တဲမိုးကိုလုပ်ပြီးလျှင်၊ အမိုးအရိပ်တွင် ထိုင်၍နေ၏။
4:6 အရှင် ထာဝရဘုရားသည်လည်း ကြက်ဆူပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏စိတ်ကို ပြေစေခြင်းငှာ သူ့ခေါင်းပေါ်မှာလွှမ်း၍ မိုးစေတော်မူ၏။ ထိုအပင်ကြောင့် ယောနသည် အလွန် အားရဝမ်းမြောက်၏။
4:7 နက်ဖြန်မိုးလင်းသောအခါ ဘုရားသခင်ခန့်ထားတော်မူသော ပိုးကောင်သည် ကြက်ဆူပင်ကိုကိုက်၍ ညှိုးနွမ်းစေ၏။
4:8 နေထွက်သောအခါ ဘုရားသခင်သည် အလွန်ပူသောအရှေ့လေကို ပြင်ဆင်တော်မူ၍၊ ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် မော၍ သေချင်သောစိတ်ရှိလျက်၊ ငါ့အသက်သေခြင်းသည် ရှင်ခြင်းထက် သာ၍ကောင်းသည်ဟု မြည်တမ်းလေ၏။
4:9 ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် အမျက်ထွက်ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက၊ အကျွန်ုပ်သည် အသက်သေသည်တိုင်အောင် အမျက်ထွက်ကောင်းပါသည်ဟု လျှောက်ဆို၏။
4:10 ထာဝရဘုရားကလည်း၊ သင်သည် ပင်ပန်းစွာမလုပ်၊ ကြီးပွားစေခြင်းငှာလည်း မပြုစု၊ တစ်ညချင်းတွင် ပေါက်၍ တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို နှမြောသည်တကား။
4:11 ငါသည် များစွာသော တိရစ္ဆာန်တို့ကို မဆို၊ ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍ မသိသော သူတစ်သိန်းနှစ်သောင်းမက၊ လူများသော နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။ ပရောဖက်ယောန၏ဝတ္ထုပြီး၏။