Zechariah 14
14:1 ထာဝရဘုရား၏နေ့ရက်သည် ရောက်သောအခါ၊ သူတစ်ပါးတို့သည် သင်၏ဥစ္စာကိုလုယူ၍ သင့်အလယ်၌ ဝေဖန်ကြလိမ့်မည်။
14:2 ယေရုရှလင်မြို့ကို တိုက်စေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို ငါစုဝေးစေမည်။ မြို့ကိုတိုက်ယူပြီးလျှင်၊ အိမ်တို့ကိုလုယက်၍ မိန်းမတို့ကို အဓမ္မပြုကြလိမ့်မည်။ မြို့သားတစ်ဝက်ကိုသိမ်းသွား၍ တစ်ဝက်သာ မြို့၌ကျန်ကြွင်းလိမ့်မည်။
14:3 ထာဝရဘုရားသည်လည်း စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့၊ ထိုလူမျိုးတို့ကို တိုက်သွားတော်မူမည်။
14:4 ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့ အရှေ့၊ သံလွင်တောင်ပေါ်မှာရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန်ကြီးသောချိုင့်ဖြစ်လိမ့်မည်။ တောင်တစ်ဝက်သည် မြောက်ဘက်သို့လည်းကောင်း၊ တစ်ဝက်သည် တောင်ဘက်သို့လည်းကောင်း ရွှေ့ရလိမ့်မည်။
14:5 သင်တို့သည် ငါ့တောင်ကြားချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင် မီ လိမ့်မည်။ ယုဒရှင်ဘုရင် ဩဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တစ်ဖန် ပြေးကြလိမ့်မည်။ ငါ၏ ဘုရားသခင်ထာဝရဘုရား ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့သည် ပါကြလိမ့်မည်။
14:6 ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့သည် ယုတ်လျော့လိမ့်မည်။
14:7 နေ့မဟုတ်၊ ညမဟုတ်၊ ထာဝရဘုရား သိတော်မူသောနေ့ရက်တစ်ရက်ဖြစ်၍၊ ညဥ့်ဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။
14:8 ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှထွက်၍၊ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ပင်လယ်သို့ တစ်ဝက်၊ အနောက်ပင်လယ်သို့ တစ်ဝက် စီးသွားလိမ့်မည်။
14:9 ထာဝရဘုရားသည် တစ်ပြည်လုံးတွင် ရှင်ဘုရင် ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတစ်ပါးတည်း၊ နာမတော်တစ်ပါးတည်း ဖြစ်တော်မူမည်။
14:10 ဂေဘမြို့မှသည် ယေရုရှလင်မြို့ တောင်ဘက်၊ ရိမ္မုန်မြို့တိုင်အောင် တစ်ပြည်လုံးကို ချိုင့်ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန်တံခါးမှသည် အရင်တံခါးရာ၊ မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက်မှသည် စပျစ်သီးနယ်ရာ တန်ဆာတော် တိုင်အောင်လည်းကောင်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်းရာ၌ တစ်ဖန် တည်ရလိမ့်မည်။
14:11 နောက်တစ်ဖန် ယေရုရှလင်မြို့သည် ကျိန်ခြင်းဘေးကိုမခံ၊ မြို့သားတို့သည် နေရာကျ၍ စိုးရိမ်စရာမရှိဘဲ နေကြလိမ့်မည်။
14:12 ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့၌ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်ဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့အသားလျော့ပျက်လိမ့်မည်။ မျက်အိမ်၌ မျက်လုံး လျော့ပျက်လိမ့်မည်။ လျှာသည်လည်း ခံတွင်း၌ လျော့ပျက်လိမ့်မည်။
14:13 ထိုနေ့ရက်၌ ထာဝရဘုရား၏တန်ခိုးတော်ကြောင့် သူတို့သည် အလွန်ရုန်းရင်းခတ်မျှပြု၍၊ တစ်ယောက်ကိုတစ်ယောက် လက်ချင်းရိုက်သော်လည်း၊ တစ်ယောက်ကိုတစ်ယောက် တိုက်၍ သတ်ကြလိမ့်မည်။
14:14 ယုဒအမျိုးသားတို့လည်း ယေရုရှလင်မြို့၌ တိုက်ကြလိမ့်မည်။ ပတ်လည်၌နေသော တစ်ပါးအမျိုးသားအပေါင်းတို့၏ ဥစ္စာစည်းစိမ်တည်းဟူသော၊ များစွာသော ရွှေငွေအဝတ်တန်ဆာစုပုံလျက် ရှိကြလိမ့်မည်။
14:15 မြင်း၊ လား၊ ကုလားအုတ်၊ မြည်းမှစ၍ ရန်သူတပ်တွင် ရှိသမျှသော တိရစ္ဆာန်တို့၌ပေးသောဘေးဒဏ်သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
14:16 ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့တွင် ကျန်ကြွင်းသမျှသောသူတို့သည်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှာ မြို့တော်သို့ နှစ်တိုင်းအစဉ် တက်လာကြလိမ့်မည်။
14:17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှာ၊ မြို့တော်သို့တက်၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုးမရွာရ။
14:18 အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက်မလာလျှင်၊ မိုးမရွာဘဲနေသဖြင့်၊ သကေနေပွဲကိုခံအံ့သောငှာတက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရားပေးတော်မူသောဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။
14:19 ဤရွေ့ကား၊ သကေနေပွဲကိုခံအံ့သောငှာ တက်၍မလာသော အဲဂုတ္တုအမျိုးသား၊ တစ်ပါးအမျိုးသားအပေါင်းတို့ခံရသော အပြစ်ပေတည်း။
14:20 ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့်ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ်ကြလိမ့်မည်။
14:21 ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသောအိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော်သောသူအပေါင်းတို့သည် လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။ ပရောဖက်ဇာခရိ စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။