Zechariah 4
4:1 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊
4:2 သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးလျှင်၊ ငါက၊ အကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကို မြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတစ်လုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံး ဆက်သော ပြွန်တံခုနစ်တံရှိပါ၏။
4:3 ဆီအိုးလက်ယာဘက်၌ သံလွင်ပင်တစ်ပင်၊ လက်ဝဲဘက်၌ တစ်ပင်၊ မီးခုံကို လွှမ်းမိုးသော သံလွင်ပင်နှစ်ပင် ရှိပါသည်ဟုဆိုပြီးမှ၊
4:4 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟု မေးသော်၊
4:5 ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား၊ အဘယ်အရာဖြစ်သည်ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။
4:6 ကောင်းကင်တမန်ကလည်း၊ ဇေရုဗဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
4:7 အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော်ရှိပါစေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။
4:8 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊
4:9 ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်။
4:10 အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက်၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတစ်ပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိတော်များ ဖြစ်သတည်းဟု မိန့်တော်မူ၏။
4:11 ငါကလည်း၊ မီးခုံလက်ယာဘက်၊ လက်ဝဲဘက်၌ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား အဘယ်သို့နည်း ဟူ၍လည်းကောင်း၊
4:12 ဆီညှစ်ရာ ရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား အဘယ်သို့နည်း ဟူ၍လည်းကောင်း မေးလျှောက်သော်၊
4:13 ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နားမလည်သလောဟု မေးလျှင်၊ အကျွန်ုပ် နားမလည်ပါသခင်ဟု လျှောက်၏။
4:14 ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတစ်ပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ရပ်နေသော ဘိသိက်ခံသူနှစ်ပါး ဖြစ်သည်ဟု ဆို၏။