Numbers 27
27:1 ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေအမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
27:2 ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ရှေ့မှာ ရပ်လျက်၊
27:3 အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရားတစ်ဖက်၌ စုဝေးသောအပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌သားယောက်ျား မရှိပါ။
27:4 ထိုသို့ သားယောက်ျားမရှိသောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေအမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။
27:5 သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။
27:6 ထာဝရဘုရားကလည်း၊ ဇလောဖဒ်သမီးတို့၏စကားသည် လျောက်ပတ်ပေ၏။
27:7 အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏ အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။
27:8 သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
27:9 သမီးမရှိလျှင်၊ သူ၏အမွေဥစ္စာကို သူ၏ညီအစ်ကိုတို့အား ပေးရမည်။
27:10 ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီးဘထွေးတို့အား ပေးရမည်။
27:11 ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဖော်အားပေး၍၊ ထိုသူသည်ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအားမိန့်တော်မူ၏။
27:12 တစ်ဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ်တောင်ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကို ကြည့်ရှုလော့။
27:13 သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်းသွားရမည်။
27:14 အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြုကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက်ပြု၍၊ သူတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသော အပြစ်ရှိသည်ဟု မောရှေအား မိန့်တော်မူ၏။
27:15 မောရှေကလည်း၊ ထာဝရဘုရား၏ပရိသတ်တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မည်အကြောင်း၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်ကို အစိုးရတော်မူသော ဘုရားသခင်ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ထုတ်ခြင်း၊ အတွင်းသို့သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစ်စုံတစ်ယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေသောဟု ထာဝရဘုရားအား လျှောက်လေ၏။
27:18 ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သားယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ်မှာတင်လော့။
27:19 ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။
27:20 ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏စကားကို နားထောင်မည်အကြောင်း၊ သင်၏ဘုန်းအသရေအချို့ကို သူ့အပေါ်၌တင်ထားလော့။
27:21 ထိုသူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရားရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက်မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေပြုလျက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ်ဧလာဇာရှေ့၊ ပရိသတ်အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
27:23 သူ့အပေါ်မှာလက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော်မူ၏။