Matthew 17
17:1 ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယာကုပ်ညီ ယောဟန်တို့ကို ခေါ်၍၊ မြင့်လှစွာသော တောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။-
17:2 သူတို့ရှေ့၌ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ မျက်နှာတော်သည် နေကဲ့သို့ ထွန်းတောက်လျက်၊ အဝတ်တော်သည် အလင်းကဲ့သို့ ဖြူလျက်ရှိ၏။-
17:3 မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့်အတူ စကားပြောလျက် နေကြ၏။-
17:4 ထိုအခါ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဖွယ်ကောင်းပါ၏။ ကိုယ်တော်ဖို့ တဲတစ်ဆောင်၊ မောရှေဖို့ တစ်ဆောင်၊ ဧလိယဖို့ တစ်ဆောင်၊ တဲသုံးဆောင်ကို အလိုတော်ရှိလျှင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟု လျှောက်လေ၏။-
17:5 ထိုသို့လျှောက်စဉ်တွင်၊ ထွန်းလင်းသောမိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်။ သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်က အသံတော်ဖြစ်လေ၏။-
17:6 တပည့်တော်တို့သည် ကြားရလျှင်၊ ပျပ်ဝပ်၍ အလွန်ကြောက်လန့်ခြင်း ရှိကြ၏။-
17:7 ယေရှုသည်လာ၍ သူတို့ကို လက်နှင့် တို့တော်မူလျက်၊ ထကြ၊ မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊-
17:8 သူတို့သည် ကြည့်မျှော်သဖြင့်၊ ယေရှုတစ်ယောက်တည်း မှတစ်ပါး၊ အဘယ်သူကိုမျှ မမြင်ကြ။
17:9 တောင်ပေါ်မှ ဆင်းကြသောအခါ ယေရှုက၊ လူသားသည် သေခြင်းမှ မထမြောက်မီတိုင်အောင်၊ သင်တို့ ယခုမြင်သော ရူပါရုံကို အဘယ်သူအားမျှ မပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။-
17:10 ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်ဟု ကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊-
17:11 ယေရှုက၊ ဧလိယသည် အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည် မှန်ပေ၏။-
17:12 ငါဆိုသည်ကား၊ ဧလိယ ရောက်လာပြီ။ လူများသည် သူ့ကိုမသိသဖြင့် သူ့အားပြုချင်သမျှကို ပြုကြပြီ။ ထိုနည်းတူ လူသားသည်လည်း ထိုလူများလက်၌ ခံရမည်ဟု မိန့်တော်မူသော်၊-
17:13 ဗတ္တိဇံဆရာယောဟန်ကို အမှတ်ပြု၍ မိန့်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏။
17:14 လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတစ်ယောက်သည် အထံတော်သို့ချဉ်းကပ်၍ ဒူးထောက်လျက်၊ သခင်၊-
17:15 အကျွန်ုပ်၏သားကို ကယ်မသနားတော်မူပါ။ ဝက်ရူးနာစွဲ၍ ပြင်းစွာခံစားရပါ၏။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း အကြိမ်ကြိမ် လဲတတ်ပါ၏။-
17:16 တပည့်တော်တို့ထံသို့ ဆောင်ခဲ့၍ သူတို့သည် ချမ်းသာမပေးနိုင်ကြပါဟု လျှောက်လျှင်၊-
17:17 ယေရှုက၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြဟု မိန့်တော်မူ၏။-
17:18 ယေရှုသည် သူ့ကိုဆုံးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှထွက်သွားသဖြင့်၊ ထိုခဏမှစ၍ သူငယ်သည် ကျန်းမာပကတိ ဖြစ်လေ၏။
17:19 ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊-
17:20 သင်တို့သည် ယုံကြည်ခြင်းမရှိသောကြောင့် မနှင်ထုတ်နိုင်ကြ။ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုတောင်ကို နေရာမှရွေ့လော့ဟု ဆိုကြသော်၊ နေရာမှ ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှု မရှိ။-
17:21 သို့သော်လည်း ဆုတောင်း ခြင်း၊ အစာရှောင်ခြင်းမှတစ်ပါး အဘယ်သို့သောအားဖြင့်၊ ထိုအမျိုးသည် မထွက်တတ်ဟု မိန့်တော်မူ၏။
17:22 ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန် နီးပြီ။
17:23 သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်းရှိကြ၏။
17:24 ကပေရနောင်မြို့သို့ ရောက်သောအခါ၊ ဗိမာန်တော်အခွန်တည်းဟူသော ဒိဒြမ္မကို ခံသောသူတို့သည် ပေတရုဆီသို့လာ၍ သင်၏ဆရာသည် ဒိဒြမ္မကို မပေးသလောဟု မေးမြန်းလျှင်၊ ပေးပါသည်ဟု ပေတရုဆို၏။
17:25 ပေတရုသည် အိမ်သို့ဝင်သောအခါ၊ ယေရှုသည် တင်ကူး၍၊ အချင်းရှိမုန်၊ သင်သည်အဘယ်သို့ ထင်သနည်း။ လောကီရှင်ဘုရင်တို့သည် အဘယ်သူမှာ အခွန်ကိုခံကြသနည်း။ မိမိသားမှာ ခံကြသလော။ သူတစ်ပါးမှာ ခံကြသလော၊ ဟုမေးတော်မူလျှင်၊
17:26 ပေတရုက၊ သူတစ်ပါးမှာခံကြပါသည်ဟု လျှောက်သော်၊ ယေရှုကလည်း သို့ဖြစ်လျှင် သားမူကား လွတ်ရ၏။ သို့သော်လည်း ထိုသူတို့သည် ငါတို့ကြောင့် မမှားယွင်းမည်အကြောင်း၊ အိုင်သို့သွား၍ ငါးမျှားကိုချလော့။
17:27 ရှေ့ဦးစွာရသောငါးကို ယူ၍ ပါးစပ်ကိုဖွင့်လျှင်၊ သတာတဲတစ်ပြားကိုတွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါ့အဖို့နှင့် သင့်အဖို့ ထိုသူတို့အားပေးလော့ဟု မိန့်တော်မူ၏။