Matthew 19
19:1 ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှပြောင်း၍ ယုဒပြည်စွန်း၊ ယော်ဒန်မြစ်တစ်ဖက်သို့ ကြွတော်မူ၏။-
19:2 လူများအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေတော်မူ၏။-
19:3 ဖာရိရှဲတို့သည် အထံတော်သို့လာ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သလောဟု စုံစမ်းနှောင့်ယှက်ခြင်းငှာ မေးလျှောက်ကြသော်၊-
19:4 ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့် မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။-
19:5 ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။-
19:6 ထိုကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။-
19:7 ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ်ကြောင့် စီရင်သနည်းဟု လျှောက်ကြသော်၊-
19:8 ကိုယ်တော်က၊ သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယားနှင့် ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့မဟုတ်။-
19:9 ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဖက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့် စုံဖက်သောသူသည်လည်း သူ့မယားကိုပြစ်မှားသည်ဟု မိန့်တော်မူ၏။
19:10 တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင် စုံဖက်ခြင်းကို မပြုကောင်းပါဟု လျှောက်ကြ၏။-
19:11 ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။-
19:12 လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတစ်ပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဖို့ အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထိုစကားကို ခံယူနိုင်သောသူသည် ခံယူစေဟု မိန့်တော်မူ၏။
19:13 ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ ဆောင်ခဲ့သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။-
19:14 ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊-
19:15 သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။
19:16 ထိုနောက်လူတစ်ယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊-
19:17 ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။-
19:18 အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကို မသတ်နှင့်။ သူ့မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။-
19:19 မိဘကို ရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။-
19:20 ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍စောင့်ရှောက်ပါပြီ။ အဘယ်အကျင့် လိုသေးသနည်းဟု လျှောက်ပြန်လေ၏။-
19:21 ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲသောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
19:22 ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
19:23 ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ၏။-
19:24 တစ်ဖန် ငါဆိုသည်ကား၊ ကုလားအုတ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။-
19:25 ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု ပြောဆိုကြ၏။-
19:26 ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
19:27 ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ။ အဘယ်အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊-
19:28 ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။-
19:29 အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာ သောအကျိုးကို ရ၍ ထာဝရအသက်ကို အမွေခံရလတ္တံ့။-
19:30 နောက်ကျသောသူ အများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်။