Matthew 23
23:1 ထိုအခါ ယေရှုသည် တပည့်တော်တို့နှင့် လူအပေါင်းတို့အား ဟောပြောတော်မူသည်ကား၊-
23:2 ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာ ထိုင်ကြ၏။-
23:3 ထိုကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့်ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။-
23:4 အလွန်လေး၍ ထမ်းခဲသော ဝန်တို့ကို ပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။-
23:5 သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှာ ပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကိုလည်းကောင်း၊ ကြီးသော ပန်းပွားတို့ကိုလည်းကောင်း ဝတ်လေ့ရှိကြ၏။-
23:6 ပွဲသဘင်၊ တရားဇရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကိုလည်းကောင်း၊-
23:7 ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
23:8 သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကိုချင်း ဖြစ်ကြ၏။-
23:9 မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘ တစ်ပါးတည်းရှိတော်မူ၏။-
23:10 ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်းရှိ၏။-
23:11 သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။-
23:12 အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ အကြင်သူသည် မိမိကိုနှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့။
23:13 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။
23:14 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှာ ရှည်စွာသော ပတ္ထနာစကားကို ရွတ်တတ်ကြ၏။ ထိုကြောင့် သာ၍ကြီးစွာသော ဒဏ်ကိုခံရကြလတ္တံ့။
23:15 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာသွင်းခြင်းငှာ ကုန်းကြောင်းရေကြောင်း ပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသား ဖြစ်စေကြ၏။
23:16 လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင် မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။-
23:17 လူမိုက်လူကန်းတို့၊ အဘယ်အရာသည် သာ၍ မြတ်သနည်း။ ထိုရွှေကား မြတ်သလော။ ထိုရွှေကို သန့်ရှင်းစေသော ဗိမာန်တော်ကား မြတ်သလော။-
23:18 တစ်နည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သကာကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။-
23:19 လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သကာကား မြတ်သလော။ ထိုပူဇော်သကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကား မြတ်သလော။-
23:20 ထိုကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင်တည်၍ ကျိန်ဆိုသတည်း။
23:21 ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူကို တိုင်တည်၍ ကျိန်ဆိုသတည်း။-
23:22 ကောင်းကင်ဘုံကို တိုင်တည်၍ ကျိန်ဆိုလျှင်၊ ဘုရားသခင်၏ ပလ္လင်တော်ကိုလည်းကောင်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကိုလည်းကောင်း တိုင်တည်၍ကျိန်ဆိုသတည်း။-
23:23 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။-
23:24 လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကိုစစ်လျက်နှင့် ကုလားအုတ်ကို မျိုကြ၏။
23:25 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။-
23:26 မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။-
23:27 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။-
23:28 ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာ ဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။-
23:29 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊-
23:30 ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သတ်သည်အမှုကို လက်မခံပြီဟု ဆိုကြ၏။-
23:31 ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကို သတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဖို့ ကိုယ်သက်သေခံကြ၏။-
23:32 သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကို မီအောင် ကျင့်ကြလော့။-
23:33 မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။
23:34 ထိုကြောင့် ဗျာဒိတ်တော်အချက် ဟူမူကား ပရောဖက်ပညာရှိ ကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါစေလွှတ်၏။ ထိုသူအချို့တို့ကို ကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားဇရပ်၌ ရိုက်၍ တစ်မြို့မှ တစ်မြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။-
23:35 ထိုကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏အကြား၌ သင်တို့သတ်ကြသော ဗာရခိသား ဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော်ကောင်းတို့၏ အသွေးသည် သင်တို့ ခေါင်းပေါ်သို့ရောက်လိမ့်မည်။-
23:36 ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။-
23:37 အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။-
23:38 သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။-
23:39 ငါဆိုသည်ကား၊ ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမီ တိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။