Luke 13
13:1 ထိုအခါ လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏ အသွေးကို မိမိတို့ပူဇော်သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြလျှင်၊-
13:2 ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊ အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။-
13:3 သာ၍ အပြစ်ရှိသည်မဟုတ်။ သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ငါဆို၏။-
13:4 ထိုမှတစ်ပါး၊ ရှိလောင်ပြအိုးလဲ၍ ပိသောသူ တစ်ကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သား အပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြသလော။-
13:5 သာ၍အပြစ်ရှိသည် မဟုတ်။ သင်တို့ ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်၊ ငါဆိုသည်ဟု မိန့်တော်မူ၏။
13:6 တစ်ဖန် ဥပမာကို မိန့်တော်မူသည်ကား၊ လူတစ်ယောက်သည် ဥယျာဉ်၌စိုက်သော သင်္ဘောသဖန်းပင်တစ်ပင် ရှိ၏။ ထိုအပင်သို့ လာ၍ အသီးကိုရှာသော်လည်း မတွေ့။-
13:7 ထိုအခါ ဥယျာဉ်စောင့်အားလည်း၊ သုံးနှစ်ပတ်လုံး ဤသင်္ဘောသဖန်းပင်သို့ ငါလာ၍ အသီးကို ရှာသော်လည်း မတွေ့မရ။ ခုတ်ပစ်လော့။ အဘယ်ကြောင့် မြေကို နှောင့်ယှက်ရသနည်းဟု အမိန့်ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင်၊ ယခုနှစ်ရှိပါစေဦး။-
13:8 အကျွန်ုပ်သည် အပင်နားပတ်လည်ကို တူးဆွ၍ နောက်ချေးကို ဖို့ပါမည်။-
13:9 အသီးသီးကောင်း သီးပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ်တော်မူပါဟု လျှောက်လေသည်ဟု မိန့်တော်မူ၏။
13:10 တစ်နေ့သောဥပုသ်နေ့၌ ယေရှုသည် တရားဇရပ်တွင် ဆုံးမဩဝါဒပေးတော်မူသောအခါ၊
13:11 တစ်ဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ ရောဂါနှိပ်စက်ခြင်းကိုခံရသော မိန်းမတစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကျောကုန်း၍ ကိုယ်ကို အလျှင်းမဆန့်နိုင်။-
13:12 ယေရှုသည် ထိုမိန်းမကို မြင်တော်မူလျှင် အထံတော်သို့ခေါ်၍၊ အချင်းမိန်းမ၊ သင်သည် အနာရောဂါနှင့် လွတ်၏ဟု မိန့်တော်မူလျက်၊-
13:13 သူ့အပေါ်မှာလက်တော်ကို တင်တော်မူသဖြင့်၊ သူသည် ချက်ချင်း တည့်မတ်ခြင်းသို့ရောက်၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလေ၏။-
13:14 ထိုသို့ ဥပုသ်နေ့၌ ယေရှုသည် အနာရောဂါကို ငြိမ်းစေတော်မူသောကြောင့် တရားဇရပ်မှူးသည် အမျက်ထွက်၍၊ အလုပ်လုပ်ရသောနေ့ရက် ခြောက်ရက်ရှိ၏။ ထိုနေ့ရက်တွင်လာ၍ အနာရောဂါငြိမ်းစေခြင်း ကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့၌ မလာမခံကြနှင့်ဟု ပရိသတ်တို့အားဆို၏။-
13:15 သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှ လွှတ်၍ ရေတိုက်ခြင်းငှာ ဆောင်သွားတတ်သည် မဟုတ်လော။-
13:16 တစ်ဆယ်ရှစ်နှစ်ပတ်လုံး စာတန်ချည်နှောင်သော အာဗြဟံ၏သမီးဖြစ်သော ဤမိန်းမကို ဤချည်နှောင်ခြင်းမှ ဥပုသ်နေ့၌ မလွှတ်ရသလောဟု မိန့်တော်မူ၏။-
13:17 ထိုသို့ မိန့်တော်မူပြီးမှ ရန်ဘက်နေသော သူအပေါင်းတို့သည် ရှက်ကြောက်ခြင်းရှိ၍၊ ပြုတော်မူသောအံ့သြဖွယ်အမှုများတို့ကို လူအပေါင်းတို့သည် နှစ်သက်ဝမ်းမြောက်ကြ၏။
13:18 တစ်ဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်အရာနှင့် တူသနည်း။ အဘယ်သို့ ပုံပြရအံ့နည်း။-
13:19 လူသည် ယူ၍ ဥယျာဉ်၌စိုက်သော မုန်ညင်းစေ့နှင့်တူ၏။ ထိုအစေ့သည် ကြီးပွား၍ အပင်ကြီးဖြစ်၏။ မိုးကောင်းကင်ငှက်တို့သည်လည်း အကိုင်းအခက်တို့၌ နားနေမှီခိုကြသည်ဟု မိန့်တော်မူ၏။
13:20 တစ်ဖန် မိန့်တော်မူသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို အဘယ်သို့ပုံပြရအံ့နည်း။-
13:21 မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သော တဆေးနှင့်တူသည်ဟု မိန့်တော်မူ၏။
13:22 ထိုအခါ ယေရှုသည် မြို့ရွာတို့ကို ဒေသစာရီလှည့်လည်လျက်၊ ဆုံးမဩဝါဒပေးလျက်၊ ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။-
13:23 လူတစ်ဦးကလည်း၊ သခင်၊ ကယ်တင်ခြင်းသို့ ရောက်သောသူတို့သည် များသလော၊ နည်းသလောဟု မေးလျှောက်လျှင်၊-
13:24 ကျဉ်းမြောင်းသောတံခါးဝကို ဝင်ခြင်းငှာ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား၊ အများသောသူတို့သည် ဝင်ခြင်းငှာအလိုရှိသော်လည်း မစွမ်းနိုင်ကြဟု ငါဆို၏။-
13:25 အိမ်ရှင်သည် တစ်ခါထ၍ တံခါးကို ပိတ်ပြီးမှ၊ သင်တို့သည် ပြင်၌ရပ်၍ တံခါးကိုခေါက်လျက်၊ သခင်၊ သခင်၊ အကျွန်ုပ်တို့အားဖွင့်ပါဟု တောင်းလျှောက်သော်လည်း၊ သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ပြန်ပြောလိမ့်မည်။-
13:26 ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံတော်၌ စားသောက်ပါပြီ။ အကျွန်ုပ်တို့နေသော မြို့ရွာ၌ ကိုယ်တော်သည် ဆုံးမဩဝါဒပေးတော်မူပြီဟု လျှောက်ပြန်သော်လည်း၊-
13:27 သခင်က၊ သင်တို့သည် အဘယ်ကလာသည်ကို ငါမသိဟု ငါဆိုပြီ။ မတရားသောအမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြဟု ပြောလိမ့်မည်၊
13:28 ထိုအခါ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်မှစသော ပရောဖက်အပေါင်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်၍၊ သင်တို့သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိလတ္တံ့။-
13:29 ထိုအခါ အရှေ့အနောက် တောင်မြောက်အရပ် လေးမျက်နှာကလာ၍ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် လျောင်းရကြလတ္တံ့။-
13:30 နောက်ကျသောသူ အချို့တို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူ အချို့တို့သည် နောက်ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။-
13:31 ထိုအခါ ဖာရိရှဲအချို့တို့သည် အထံတော်သို့လာ၍၊ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကိုသတ်မည် အကြံရှိပါသည်ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွားကြလော့။-
13:32 ယခုနေ့နှင့် နက်ဖြန်နေ့၌ နတ်ဆိုးတို့ကိုနှင်ထုတ်၍ အနာရောဂါကို ငြိမ်းစေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို့ ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့။-
13:33 သို့သော်လည်း ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့၌ ငါသွားရသေး၏။ အကြောင်းမူကား၊ ယေရုရှလင် မြို့မှတစ်ပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မျှ မဆုံးရာ။-
13:34 အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည် ပရောဖက်တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သောသူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိ၏။ သင်မူကား အလိုမရှိ။-
13:35 သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု သင်တို့မပြောမီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။