Luke 6
6:1 ဒုတိယဧကဒက်ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ တပည့်တော်တို့သည် စပါးအသီးအနှံကိုဆွတ်၍ လက်နှင့် ပွတ်နယ်စားကြ၏။-
6:2 ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သင်တို့သည် အဘယ်ကြောင့်ပြုကြသနည်းဟု ဆိုကြသော်၊-
6:3 ယေရှုက၊ ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ မွတ်သိပ်သောအခါ၊-
6:4 ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်တို့မှတစ်ပါး အဘယ်သူမျှမစားအပ်သော ရှေ့တော်မုန့်ကို ယူစား၍၊ မိမိအဖော်တို့အား ပေးသည်အကြောင်းကိုမျှ သင်တို့သည် မဖတ်ဖူးသလော။-
6:5 ထိုမှတစ်ပါး၊ လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်ဟု မိန့်တော်မူ၏။
6:6 အခြားသောဥပုသ်နေ့၌ ကိုယ်တော်သည် တရားဇရပ်သို့ ဝင်၍ ဆုံးမဩဝါဒပေးတော်မူသည်တွင်၊ ထိုဇရပ်၌ လက်ယာလက်သေသောသူ တစ်ယောက်ရှိ၏။-
6:7 ဥပုသ်နေ့၌ သူ၏ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကို ရှာ၍ ချောင်းကြည့်ကြ၏။-
6:8 ကိုယ်တော်သည် သူတို့အကြံအစည်ကိုသိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့ဟု မိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေ၏။-
6:9 ယေရှုကလည်း၊ သင်တို့ကို ငါမေးမည်။ ဥပုသ်နေ့၌ အဘယ်သို့ပြုအပ်သနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီးအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလောဟု ပရိတ်သတ်တို့အား မေးတော်မူပြီးလျှင်၊-
6:10 ထိုသူအပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကို ဆန့်လော့ဟု ထိုသူအားမိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တစ်ဖက်ကဲ့သို့ ပကတိဖြစ်လေ၏။-
6:11 ထိုသူများတို့သည် ဒေါသစိတ်နှင့်ယစ်မူး၍ ယေရှုအား အဘယ်သို့ပြုအံ့နည်းဟု အချင်းချင်း ဆွေးနွေးကြ၏။
6:12 ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပတ္ထနာပြုခြင်းငှာ တောင်ပေါ်သို့ကြွ၍ ဘုရားသခင်အား ဆုတောင်းပတ္ထနာပြုလျက် တစ်ညလုံးနေတော်မူ၏။-
6:13 မိုးလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊-
6:14 ပေတရုအမည်သစ်ကိုရသော ရှိမုန်နှင့် သူ့ညီအနြေ္ဒ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊-
6:15 မဿဲနှင့် သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်ဟုခေါ်ဝေါ်သော ရှိမုန်၊-
6:16 ယာကုပ်၏ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်တည်းဟူသော တစ်ကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။
6:17 ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ၍ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရားနာခြင်းငှာလည်းကောင်း၊ အနာရောဂါတို့ကိုငြိမ်းစေခြင်းငှာလည်းကောင်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့ အရပ်ရပ်တို့က လာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော်အပေါင်းတို့သည် ရှိကြ၏။-
6:18 ညစ်ညူးသောနတ် ညှဉ်းဆဲသောသူတို့သည်လည်း လာ၍ ချမ်းသာရကြ၏။-
6:19 ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သာစေတော်မူသည် ဖြစ်၍၊ ပရိတ်သတ်အပေါင်းတို့သည် ကိုယ်တော်ကိုတို့ခြင်းငှာ ရှာကြံကြ၏။
6:20 ထိုအခါ ကိုယ်တော်သည်မျှော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။-
6:21 ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြလတ္တံ့။ သူတစ်ပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊-
6:22 ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။-
6:23 ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။-
6:24 တစ်နည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် မိမိသက်သာခြင်းကို ယခုခံရကြ၏။-
6:25 ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတ္တံ့။ ယခု ရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတ္တံ့။-
6:26 လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။
6:27 ငါ့စကားကိုကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။-
6:28 သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ယှက်သောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။-
6:29 သင်၏ ပါးတစ်ဖက်ကို ပုတ်သောသူအား ပါးတစ်ဖက်ကို ပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။-
6:30 အကြင်သူသည် သင့်ကိုတောင်း၏။ ထိုသူအား ပေးလော့။ သင့်ဥစ္စာကို သိမ်းယူသောသူအား ပြန်၍မတောင်းနှင့်။-
6:31 သင်တို့သည် ကိုယ်၌သူတစ်ပါး ပြုစေလိုသည်အတိုင်း သူတစ်ပါး၌ ပြုကြလော့။-
6:32 သင်တို့ကို ချစ်သောသူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။-
6:33 သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသော သူတို့သည် ဤမျှလောက် ပြုကြသည်မဟုတ်လော့။-
6:34 သူတစ်ပါးအား ဥစ္စာချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးငှားလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှားတတ်သည် မဟုတ်လော။-
6:35 သင်တို့မူကား ရန်သူတို့ကိုချစ်ကြလော့။ ကျေးဇူးပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံသောဘုရား၏သား ဖြစ်ကြလိမ့်မည်။-
6:36 ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘော ရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။
6:37 သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။-
6:38 သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
6:39 ဥပမာကား၊ လူကန်းသည် လူကန်းကို လမ်းပြနိုင်သလော။ နှစ်ဦးတို့သည် တွင်းထဲသို့ကျလိမ့်မည် မဟုတ်လော။-
6:40 တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။-
6:41 ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။-
6:42 ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ညီအစ်ကိုအားဆိုရသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေ့ဦးစွာထုတ်လော့။ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကိုထုတ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။
6:43 မကောင်းသောအသီးကို သီးသောအပင်ကား၊ ကောင်းသောအပင် မဟုတ်။ ကောင်းသောအသီးကို သီးသော အပင်ကား၊ မကောင်းသောအပင် မဟုတ်။-
6:44 အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။-
6:45 ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။
6:46 ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။-
6:47 ငါ့ထံသို့လာ၍ ငါ့စကားကိုကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်းဟူမူကား၊-
6:48 တိုက်ကိုတည်သောအခါ နက်စွာတူး၍ ကျောက်ပေါ်မှာ တိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့် ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ ကျောက်ပေါ်မှာ တည်လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။-
6:49 ငါ့စကားကိုကြား၍ နားမထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ချင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ၏။