Acts 27
27:1 ထိုအခါငါတို့သည် ဣတလိပြည်သို့သင်္ဘောနှင့် ကူးရမည့်အကြောင်းကို စီရင်ပြီးမှ၊ ယုလိအမည်ရှိသော ဩဂုတ္တုတပ်နှင့်ဆိုင်သော တပ်မှူး၌ ပေါလုမှစ၍ အကျဉ်းခံသောအခြားသူတို့ကို အပ်ကြ၏။-
27:2 အာဒြမုတ္တိ သင်္ဘောကိုစီး၍ အာရှိပြည်နားသို့ လျှောက်သွားမည်အကြံနှင့် လွှင့်ကြ၏။ အာရိတ္တခုအမည်ရှိသော မာကေဒေါနိပြည်သက် သာလောနိတ်မြို့သားသည် ငါတို့နှင့်ပါ၏။-
27:3 နက်ဖြန်နေ့တွင် ဇိဒုန်မြို့၌ဆိုက်ကြပြီးလျှင်၊ ပေါလုသည် မိမိအဆွေခင်ပွန်းတို့ထံသို့သွား၍ သူတို့၏လုပ်ကျွေးပြုစုခြင်းကို ခံရမည်အကြောင်း၊ ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။-
27:4 ထိုမြို့မှထွက်၍ လေမသင့်သောကြောင့်၊ ကုပရုကျွန်းမြောက်ဘက်နားသို့လျှောက်သွားသဖြင့် ကိလိကိပြည်၊-
27:5 ပမ်ဖုလိပြည်နှင့် စပ်သောပင်လယ်ကိုကူး၍၊ လုကိပြည်၊ မုရမြို့သို့ ရောက်ကြ၏။-
27:6 ထိုမြို့၌ ဣတလိပြည်သို့ ကူးသော အာလေဇန္ဒြိ သင်္ဘောကို တပ်မှူးသည်တွေ့၍၊ ထိုသင်္ဘောထဲသို့ ငါတို့ကို သွင်းထားလေ၏။-
27:7 နှေးနှေးသာသွား၍ နေ့ရက်ကာလကြာသောအခါ၊ ပင်ပန်းစွာ ကြိုးစား၍ ကနိဒ်မြို့နှင့်တည့်တည့်ရောက်ပြီးမှ၊ လေမသင့်သောကြောင့် ကရေတေကျွန်း အရှေ့ဘက်၊ သာလမုန်အငူနှင့်တည့်တည့်သို့ ပင်ပန်းစွာ လျှောက်သွား၍၊-
27:8 လာသဲမြို့နှင့်အနီး၊ ကာလုလိမင်းအမည်ရှိသော အရပ်သို့ ရောက်ကြ၏။
27:9 ကာလကြာသည်ရှိသော်၊ ကြီးစွာသောဥပုသ်နေ့လွန်၍ ပင်လယ်မကူးသင့်သော လဥတုအချိန်ဖြစ်သည်ကို ပေါလုသည် ထောက်၍၊-
27:10 အချင်းလူတို့၊ ယခုမှာပင်လယ်ကူးလျှင် သင်္ဘောနှင့်ကုန်များတို့သည် ဆုံးရှုံးသည်သာမက၊ ငါတို့ အသက်ပျက်စီးရာသော ဘေးအန္တရာယ်ရောက်မည်ကို ငါထင်မြင်သည်ဟု သတိပေး၏။-
27:11 သို့သော်လည်း၊ တပ်မှူးသည် ပေါလုစကားကို နားမထောင်ဘဲ၊ တက်မကိုင်စကားနှင့် သင်္ဘောသူကြီး စကားကို နားထောင်၏။-
27:12 ထိုမြို့ဆိပ်၌ ဆောင်းကာလပတ်လုံး မနေသင့်သောကြောင့် တစ်ဖန်လွှတ်ပြန်၍ ဖိနိတ်မြို့ဆိပ်သို့မီနိုင်လျှင်၊ ထိုဆိပ်၌ ဆောင်းကာလကို လွန်စေသော် သာ၍ကောင်းမည်ဟု လူအများတို့သည် ဆိုကြ၏။ ဖိနိတ်ဆိပ်ကား ကရေတေကျွန်း၌ ရှိ၏။ အနောက်မြောက်သို့လည်းကောင်း၊ အနောက်တောင်သို့လည်းကောင်း မျက်နှာပြု၏။
27:13 တောင်လေသည် ဖြည်းညင်းစွာလာသောအခါ၊ ယခုမီနိုင်သည်ဟု စိတ်ထင်နှင့်လွှင့်၍၊ ကရေတေကျွန်းနားသို့ လျှောက်သွားကြ၏။-
27:14 ကာလမကြာမမြင့်မီ ဥရုကလုဒုန် အမည်ရှိသော လေပြင်းမုန်တိုင်းသည် သင်္ဘောကို တိုက်၍၊-
27:15 တစ်ဟုန်တည်း ဆောင်သွားသဖြင့်၊ သင်္ဘောသည် ထိုလေကိုမခံနိုင်သောကြောင့်၊ ငါတို့သည် အားလျော့၍ လေတိုက်ရာသို့ ပါလွင့်ကြ၏။-
27:16 ကလောဒေကျွန်းနားမှာ ပြေးစဉ်တွင်၊ သမ္ဗန်ကို မပျက်စေခြင်းငှာ ပင်ပန်းစွာ ကြိုးစား၍၊-
27:17 သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှာ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။-
27:18 လှိုင်းထအားကြီးသောကြောင့် အလွန်တုန်လှုပ်၍၊ နက်ဖြန်နေ့၌ ဝန်ကိုထုတ်ပစ်ကြ၏။-
27:19 သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့် ကိုင်ယူ၍ ပစ်လိုက်ကြ၏။-
27:20 နေ၊ လ၊ ကြယ်နက္ခတ်တို့ကို တာရှည်စွာ မမြင်ရ၍ မိုးသက်မုန်တိုင်း အားကြီးသေးသဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်စရာအခွင့် အလျှင်းမရှိ။
27:21 အစာကိုမစားဘဲ ကြာမြင့်စွာ နေကြပြီးမှ၊ ပေါလုသည် ထိုသူတို့၏ အလယ်၌ထ၍၊ အချင်းလူတို့၊ ငါ့စကားကို နားထောင်၍ ကရေတေကျွန်းမှ မလွှင့်ဘဲနေလျှင် ဤပျက်စီးဆုံးရှုံးခြင်းနှင့် ကင်းလွတ်ရကြ၏။-
27:22 ယခုတွင် စိတ်သက်သာခြင်းရှိကြလော့။ အကြောင်းမူကား၊ သင်္ဘောဆုံးခြင်းမှတစ်ပါး သင်တို့တွင် အဘယ်သူမျှ အသက်မဆုံးရ၊-
27:23 အဘယ်ကြောင့်နည်းဟူမူကား၊ ငါ့ကိုပိုင်တော်မူ၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ ကောင်းကင်တမန်သည် ယနေ့ညတွင် ငါ့အနားမှာ ပေါ်လာလျက်၊-
27:24 ပေါလု၊ သင်သည် မစိုးရိမ်နှင့်။ ကဲသာဘုရင်ရှေ့သို့ ရောက်ရမည်။ သင်နှင့်အတူ ပင်လယ်ကူးသော သူအပေါင်းတို့ကို ဘုရားသခင်သည် သင့်အားပေးတော်မူပြီဟု ဆို၏။-
27:25 ထိုကြောင့် အချင်းလူတို့ သက်သာခြင်း ရှိကြလော့။ ငါ့အား မိန့်တော်မူသည်အတိုင်း ဖြစ်လိမ့်မည်ဟု ငါသည်ဘုရားသခင်ကို အမှီပြု၍ ယုံခြင်းရှိ၏။-
27:26 သို့သော်လည်း တစ်စုံတစ်ခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟု ပေါလုဆို၏။
27:27 တစ်ဆယ်လေးရက်မြောက်သောနေ့ ညရောက်သောအခါ၊ ငါတို့သည် အာဒြိပင်လယ်တွင် အရပ်လေးမျက်နှာသို့ လူးလာသွားကြစဉ်၊ သန်းခေါင်အချိန်၌ တစ်စုံတစ်ခုသော ကမ်းအနီးသို့ ရောက်လုသည်ဟု သင်္ဘောသားတို့သည် ထင်မှတ်သဖြင့်၊-
27:28 ရေကိုစမ်းလျှင် အလံနှစ်ဆယ်ရှိသည်ကို တွေ့ကြ၏။ ထိုမှ စိုးစည်းလွန်ပြန်လျှင်၊ တစ်ဖန်ရေကိုစမ်း၍ တစ်ဆယ်ငါးလံရှိသည်ကို တွေ့ကြ၏။-
27:29 ကျောက်ကို တိုက်မိမည်စိုးရိမ်သောကြောင့် သင်္ဘောပဲ့မှ ကျောက်ဆူးလေးလက်ကိုချ၍ မိုးလင်းပါစေဟု ဆုတောင်းကြ၏။-
27:30 သင်္ဘောသားတို့သည် သင်္ဘောကို စွန့်သွားမည်ဟု အကြံရှိသည်နှင့် သင်္ဘောဦးသို့သွား၍ ကျောက်ဆူး ချဟန်ပြုလျက် သမ္ဗန်ကိုလျှော့စဉ်တွင်၊-
27:31 ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှစ၍ စစ်သူရဲတို့အား ဆို၏။-
27:32 ထိုအခါ စစ်သူရဲတို့သည် သမ္ဗန်ကြိုးကို ခုတ်ဖြတ်၍ ချလိုက်ကြ၏။
27:33 မိုးလင်းလုသောအခါ အစာကိုစားစေခြင်းငှာ ပေါလုသည် လူအပေါင်းတို့ကိုတိုက်တွန်းလျက်၊ သင်တို့သည် တစ်ဆယ်လေးရက်ပတ်လုံး မျှော်လင့်၍ ယနေ့တိုင်အောင် အစာမစားဘဲ ငတ်မွတ်လျက်နေကြ၏။-
27:34 ထိုကြောင့် အစာစားကြလော့။ စားလျှင် ချမ်းသာရခြင်းအကြောင်း ဖြစ်လိမ့်မည်။-
27:35 သင်တို့ဆံခြည်တစ်ပင်မျှ မပျက်စီးရဟုဆိုပြီးလျှင်၊ ပေါလုသည် မုန့်ကိုယူ၍ ထိုသူများရှေ့၌ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ စားလေ၏။-
27:36 ထိုသူအပေါင်းတို့သည်လည်း စိတ်သက်သာခြင်းရှိ၍ အစာကို စားကြ၏။-
27:37 ထိုသင်္ဘော၌ ပါသောသူများတို့သည် အရေအတွက်အားဖြင့် နှစ်ရာခုနစ်ကျိပ်ခြောက်ယောက် ရှိသတည်း။-
27:38 ဝစွာစားပြီးမှ ဆန်စပါးကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။
27:39 မိုးလင်းသောအခါ ထိုအရပ်ကို မသိသော်လည်း၊ ထောင့်ကွေ့တစ်ခု၌ သင်္ဘောဆိပ်ရှိသည်ကို မြင်သောကြောင့်၊ သင်္ဘောကို အထဲသို့သွင်းနိုင်လျှင် သွင်းမည်ဟု အကြံရှိကြ၏။-
27:40 ကျောက်ဆူးတို့ကို လွှတ်၍ ပင်လယ်ထဲသို့ ချလိုက်ပြီးမှ တက်မတို့ကို ဆိုင်းသောကြိုးများကို ဖြည်၍၊ ရွက်ကိုလေ၌ ဖြန့်ဖွင့်လျက် ကမ်းနားသို့ တိုက်သွားကြ၏။-
27:41 ရေဆိုင်ရာသို့ရောက်လျှင်၊ သင်္ဘောကို သောင်ပေါ်မှာ တင်စေ၍ ဦးမလှုပ်ဘဲနေသဖြင့် ပဲ့ကိုလှိုင်းတံပိုး ရိုက်သောကြောင့် ကျိုး၏။-
27:42 ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။-
27:43 တပ်မှူးသည်ပေါလုကို ချမ်းသာစေခြင်းငှာ အလိုရှိသဖြင့်၊ စစ်သူရဲတို့၏အကြံကိုမြစ်တား၍၊ ကူးနိုင်သော သူတို့သည် အရင်ဆင်း၍ ကုန်းသို့ သွားစေခြင်းငှာလည်းကောင်း၊-
27:44 ကြွင်းသောသူတို့သည် ပျဉ်ပြားမှစ၍ သင်္ဘောတန်ဆာများကို စီးစေခြင်းငှာလည်းကောင်း စီရင်လေ၏။ ထိုသို့ လူအပေါင်းတို့သည် ဘေးနှင့် လွတ်၍ ကုန်းပေါ်သို့ ရောက်ကြ၏။