Romans 16
16:1 ကင်ခြေမြို့အသင်းတော်၌ သင်းထောက်မိန်းမဖြစ်သော ငါတို့နှမဖိဗေကို သင်တို့ထံသို့ ငါသွင်းပေး၏။-
16:2 သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည် အကူအမလိုသမျှသော အမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း၊ မစသောသူဖြစ်၏။-
16:3 ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့် အာကုလကို နှုတ်ဆက်ကြလော့။-
16:4 ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။-
16:5 သူတို့အိမ်၌ရှိသော အသင်းတော်ကိုလည်း နှုတ်ဆက်ကြလော့။ အာရှိပြည်တွင် ခရစ်အဖို့ အဦးသီးသော အသီးဖြစ်သော ငါ့ချစ်သားဧပဲနက်ကို နှုတ်ဆက်ကြလော့။-
16:6 ငါတို့အမှုကို ကြိုးစား၍ ဆောင်ရွက်သော မာရိကို နှုတ်ဆက်ကြလော့။-
16:7 ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါအမျိုးသားချင်း အနြေ္ဒာနိတ်နှင့် ယုနိကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှားသောသူ ဖြစ်ကြ၏။ ငါ့အရင် တပည့်တော်အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။-
16:8 သခင်ဘုရား၌ ငါ့ချစ်သားအမ္ပလိကို နှုတ်ဆက်ကြလော့။-
16:9 ငါတို့နှင့်အတူ ခရစ်တော်၏အမှုကိုဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သားသတာခုကို နှုတ်ဆက်ကြလော့။-
16:10 တပည့်တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။-
16:11 ငါ၏အဆွေအမျိုး ဟေရောဒျုန်နှင့် တပည့်တော်ဖြစ်သော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ကြလော့။-
16:12 သခင်ဘုရား၏အမှုတော်ကို ကြိုးစားသောမိန်းမ၊ တရုဖဲနနှင့် တရုဖောသကိုလည်းကောင်း၊ သခင်ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သောမိန်းမ ပေရသိကိုလည်းကောင်း နှုတ်ဆက်ကြလော့။-
16:13 မြတ်သောတပည့်တော်ရုဖုနှင့် သူ၏အမိတည်းဟူသော ငါ၏အမိကို နှုတ်ဆက်ကြလော့။-
16:14 အသုံကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမှစ၍ သူတို့နှင့်အတူနေသော ညီအစ်ကိုတို့ကို နှုတ်ဆက်ကြလော့။-
16:15 ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရုနှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူနေသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။-
16:16 အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ၏။
16:17 ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကိုမှတ်၍ ရှောင်ကြလော့ဟု ငါသတိပေး၏။-
16:18 အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်ရွက်၍၊ လောကဝတ်စကားနှင့် ချော့မော့သောစကားအားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြားတတ်ကြ၏။-
16:19 သင်တို့ ယုံကြည်နားထောင်ခြင်း အကြောင်းအရာသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍၊ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း၊ သင်တို့သည် ကောင်းသောအမှု၌ကား၊ ပညာရှိစေခြင်းငှာလည်းကောင်း၊ ဆိုးသောအမှု၌ကား၊ အပြစ်ကင်းစေခြင်းငှာလည်းကောင်း ငါအလိုရှိ၏။-
16:20 ငြိမ်သက်ခြင်းအရှင် ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။ ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိပါစေသော။-
16:21 ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေမှစ၍ ငါ၏အဆွေအမျိုးလုကိ၊ ယာသုန်၊ သောသိပတရုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။-
16:22 ဤစာကိုရေးသော ကျွန်ုပ်တေရတိသည် သခင်ဘုရားကို ထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။-
16:23 ငါ့ကိုလည်းကောင်း၊ သင်းဝင်သူ အပေါင်းတို့ကိုလည်းကောင်း လက်ခံ၍ ဧည့်သည်ဝတ်ပြုတတ်သော ဂါယု၊ မြို့စာရေး ဧရတ္တု၊ သင်တို့ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။-
16:24 ငါတို့သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။
16:25 ရှေးကပ်ကာလပတ်လုံး ဝှက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍၊-
16:26 လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင်ကြမည်အကြောင်း ပရောဖက်တို့၏ ကျမ်းစာများလာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အား ဖော်ပြရသော နက်နဲရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့်လျော်စွာ၊ ငါဟောသော ဧဝံဂေလိတရားတည်းဟူသော ယေရှုခရစ်၏အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကို မြဲမြံခိုင်ခံ့စေခြင်းငှာ တတ်နိုင်တော်မူသောအရှင်၊-
16:27 တစ်ဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ ရောမဩဝါဒစာပြီး၏။