Romans 3
3:1 ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။-
3:2 အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကိုခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။-
3:3 သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဖွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။-
3:4 မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။-
3:5 ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။-
3:6 ထိုသို့မဟုတ်ရာ။ ဟုတ်လျှင် လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။-
3:7 ထိုမှတစ်ပါး ငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွားစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊-
3:8 ကောင်းသောအကျိုးရှိစေခြင်းငှာ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကားကို ပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ်ဒဏ်ကို ခံထိုက်ကြ၏။
3:9 ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်၊ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။-
3:10 ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။-
3:11 နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသောသူမရှိ။-
3:12 လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှမရှိ။-
3:13 သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့် လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်အတောက်ရှိ၏။-
3:14 သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။-
3:15 သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှာ လျင်မြန်၏။-
3:16 သူတို့သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။-
3:17 ချမ်းသာလမ်းကို သူတို့မသိကြ။-
3:18 ဘုရားသခင်ကို ကြောက်ရွံ့ရသောအကြောင်းသည် သူတို့မျက်စိ၌မထင်ဟု ကျမ်းစာလာသတည်း။-
3:19 ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။-
3:20 ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏ အကျင့်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။-
3:21 ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် သက်သေခံသည်နှင့်အညီ၊ ပညတ်တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတည်းဟူသော၊-
3:22 ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဖို့ ဖြစ်၍၊ ထိုသူအပေါင်းတို့ အပေါ်သို့ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။-
3:23 အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။-
3:24 ယေရှုခရစ်ရွေးနုတ်တော်မူသောအားဖြင့် အဖိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။-
3:25 ဘုရားသခင်သည် သည်းခံတော်မူ၍၊-
3:26 လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာလည်းကောင်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှာလည်းကောင်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။
3:27 သို့ဖြစ်လျှင် ဝါကြွားစရာ အကြောင်းကား အဘယ်သို့နည်းဟု မေးသော်၊ ဝါကြွားစရာအကြောင်းကိုပယ်ပြီ။ အဘယ်တရားအားဖြင့် ပယ်သနည်း။ အကျင့်တရားအားဖြင့် ပယ်သလော။ အကျင့်တရားအားဖြင့် ပယ်သည်မဟုတ်။ ယုံကြည်ခြင်းတရားအားဖြင့် ပယ်ပြီ။-
3:28 ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်ဟုယူရ၏။-
3:29 ဘုရားသခင်သည် ယုဒလူတို့၏ဘုရားသာ ဖြစ်တော်မူသလော။ တစ်ပါးအမျိုးသားတို့၏ဘုရား ဖြစ်တော်မူသည်မဟုတ်လော။ ဟုတ်ပေ၏။ တစ်ပါးအမျိုးသားတို့၏ ဘုရားလည်း ဖြစ်တော်မူ၏။-
3:30 အကြောင်းမူကား၊ အရေဖျားလှီးခြင်းကို ခံသောသူနှင့် မခံသောသူနှစ်ဦးကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာ၌တည်စေတော်မူသော ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။-
3:31 သို့ဖြစ်လျှင်၊ ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်းမပယ်၊ သာ၍ တည်စေကြ၏။