Romans 7
7:1 ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ်တရားသည် လူကို အသက်ထက်ဆုံးမျှသာ ပိုင်သည်ကို မသိကြသလော။-
7:2 ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေမီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။-
7:3 ထိုကြောင့်၊ မိမိလင်မသေမီ အခြားသောသူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက်၏။ လင်သေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏မယား ဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ။-
7:4 ထိုနည်းတူ၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက်တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့် ကွာကြ၏။-
7:5 ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့်စပ်ဆိုင်သော စိတ်တို့သည် ပညတ်တရားအားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွားမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင်ကြ၏။-
7:6 ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကိုမှီ၍ အမှုဆောင်ရွက်ခြင်းအလိုငှာ၊ ငါတို့သည်သေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။
7:7 သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။-
7:8 အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။-
7:9 အထက်က ပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။-
7:10 အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရားသည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။-
7:11 အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကိုလှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကိုသတ်လေ၏။-
7:12 ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။-
7:13 သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှာ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကိုပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ်နှင့် ပြည့်စုံခြင်းရှိသတည်း။
7:14 ထိုမှတစ်ပါး၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။
7:15 အကြောင်းမူကား၊ ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊ ရွံရှာသော အကျင့်ကို ကျင့်၏။-
7:16 ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။-
7:17 သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။-
7:18 ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။-
7:19 ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏။-
7:20 ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။-
7:21 ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။-
7:22 ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်ကို နှစ်သက်၏။-
7:23 သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ်တရားလက်သို့ ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။-
7:24 ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။-
7:25 ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့လည်းကောင်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့လည်းကောင်း၊ ငါလိုက်တတ်၏။