1 Corinthians 1
1:1 ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်အရာ၌ ခန့်ထားသော ငါပေါလုနှင့် ငါ့ညီသုဿင်သည်၊-
1:2 ယေရှုခရစ်အားဖြင့် အပြစ်နှင့်ကင်းစင်၍ သန့်ရှင်းသူအရာ၌ ခန့်ထားသောသူတည်းဟူသော၊ ကောရိန်သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍ ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပတ္ထနာပြုသောသူအပေါင်းတို့ကို ကြားလိုက်ပါ၏။-
1:3 ထိုသခင်သည် ငါတို့၏သခင်သာမဟုတ်၊ သင်တို့၏သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
1:4 အထက်က ခရစ်တော်၏သက်သေကို သင်တို့တွင် တည်စေသည်ရှိသော်၊-
1:5 သင်တို့သည် ထိုခရစ်တော်အားဖြင့်၊ အရာရာ၌ နှုတ်သတ္တိ၊ ဉာဏ်သတ္တိအပေါင်းနှင့် ကြွယ်ဝပြည့်စုံကြသည်ဖြစ်၍၊-
1:6 ယေရှုခရစ်အားဖြင့် သင်တို့အားပေးတော်မူသော ဆုကျေးဇူးတော်ကို ငါထောက်၍၊ သင်တို့အကြောင်းကြောင့် ငါ့ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်း၏။-
1:7 ထိုကြောင့်သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ပေါ်ထွန်းတော်မူခြင်းကို မျှော်လင့်၍နေစဉ်၊ ဆုတော် တစ်စုံတစ်ခုမျှ မလျော့ဘဲ စုံလင်လျက်ရှိကြ၏။-
1:8 သင်တို့သည် ငါတို့သခင် ယေရှုခရစ်၏ နေ့ရက်၌ အပြစ်တင်စရာအခွင့်နှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။-
1:9 ငါတို့သခင်တည်းဟူသော သားတော်မြတ် သခင်ယေရှုခရစ်နှင့် ဆက်ဆံခြင်းကျေးဇူးတော်ကို သင်တို့အား ပေးတော်မူသော ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
1:10 ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် စကားတညီတညွတ်တည်းဖြစ်၍ အချင်းချင်းမကွဲပြားဘဲ စိတ်သဘောတစ်သံ တစ်သမတ်တည်း ရှိသည်နှင့် စေ့စပ်စုံလင်ကြမည်အကြောင်း၊ ငါတို့ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ သင်တို့ကို ငါနှိုးဆော်တောင်းပန်ပါ၏။-
1:11 အကြောင်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို၊ ခလောဣ အိမ်သားအချို့တို့သည် ပြောကြ၏။-
1:12 သင်တို့က၊ ငါသည် ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည် ကေဖတပည့်ဖြစ်၏။ ငါသည် ခရစ်တော်တပည့်ဖြစ်၏ဟု အသီးအသီး ပြောကြသောကြောင့် ငါဆိုရ၏။-
1:13 ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။-
1:14 ကရိပ္ပုနှင့် ဂါယုမှတစ်ပါး၊ သင်တို့တွင် အဘယ်သူအားမျှ ဗတ္တိဇံကို ငါမပေးသည်ဖြစ်၍ ဘုရားသခင်၏ ကျေးဇူးတော်ရှိပါ၏။-
1:15 သို့ဖြစ်၍ ပေါလုသည် မိမိနာမ၌ ဗတ္တိဇံကိုပေးသည်ဟု အဘယ်သူမျှ ဆိုစရာအကြောင်းမရှိ။-
1:16 သတေဖန်၏ အိမ်သူအိမ်သားတို့အားလည်း ဗတ္တိဇံကို ပေးပြီ။ ထိုမှတစ်ပါး အခြားသောသူအား ဗတ္တိဇံပေးသည်ကို ငါမမှတ်မိ။
1:17 ဗတ္တိဇံကိုပေးစေခြင်းငှာ ခရစ်တော်သည် ငါ့ကို စေလွှတ်တော်မူသည်မဟုတ်။ ဧဝံဂေလိတရားကို ဟောစေခြင်းငှာ စေလွှတ်တော်မူ၏။ သို့သော်လည်း၊ ခရစ်တော်၏လက်ဝါးကပ်တိုင်ကို အချည်းနှီးမဖြစ်စေခြင်းငှာ၊ နှုတ်ပညာကို အခွင့်မပေးဘဲ နေတော်မူ၏။
1:18 အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။-
1:19 ကျမ်းစာလာသည်ကား၊ ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်။ ဉာဏ်ကောင်းသောသူတို့၏ ဉာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။-
1:20 ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌ လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည် မဟုတ်လော။-
1:21 အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ ပညာတော်စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာအားဖြင့် ဘုရားသခင်ကို မသိဘဲနေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သောသူတို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှာ စေတနာရှိတော်မူ၏။-
1:22 ယုဒလူတို့သည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကို ရှာတတ်ကြ၏။-
1:23 ငါတို့မူကား၊ လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော ခရစ်တော်၏ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်းအရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍ လဲစရာအကြောင်းဖြစ်၏။ တစ်ပါးအမျိုးသား၌ကား၊ မိုက်မဲခြင်းဖြစ်၏။-
1:24 သို့သော်လည်း၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ခေါ်တော်မူသောသူတို့၌ ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ပညာတော်တည်းဟူသော ခရစ်တော်၏ တရားဖြစ်၏။-
1:25 ဘုရားသခင်၏ မိုက်မဲခြင်းအရာသည် လူတို့၏ ပညာထက်သာ၍ ပညာရှိ၏။ ဘုရားသခင်၏ အားနည်းခြင်းအရာသည် လူတို့၏ အစွမ်းထက်သာ၍ အစွမ်းရှိ၏။
1:26 ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်း အကြောင်းအရာကို ဆင်ခြင်ကြလော့။ ခေါ်တော်မူသောသူတို့တွင် လောကီပညာရှိ အများမပါ။ ထင်ရှားသော လူကြီးအများမပါ။ မင်းအမျိုးအနွယ်ဖြစ်သောသူ အများမပါ။-
1:27 ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသော သူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသော သူတို့ကို ရွေးကောက်တော်မူ၏။-
1:28 မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။-
1:29 ထိုကြောင့်၊ ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာ အကြောင်းမရှိ။-
1:30 ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏။-
1:31 သို့ဖြစ်၍၊ ကျမ်းစာလာသည်နှင့်အညီ၊ ဝါကြွားသောသူမည်သည်ကား၊ ထာဝရဘုရား၌သာ ဝါကြွားစေ။