2 Corinthians 1
1:1 ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ကောရိန်သုမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှစ၍၊ အခါယပြည် အရပ်ရပ်တို့၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို ကြားလိုက်ပါ၏။-
1:2 သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
1:3 သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏အရှင်တည်းဟူသော ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေတည်း။-
1:4 ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။-
1:5 အဘယ်သို့နည်းဟူမူကား၊ ခရစ်တော်ကြောင့် ငါတို့ခံရသော ဆင်းရဲခြင်းသည် အလွန်များပြားသည်နည်းတူ၊ ခရစ်တော်၏ ကျေးဇူးအားဖြင့် ငါတို့ခံရသော သက်သာခြင်းသည် အလွန်များပြား၏။-
1:6 သို့ဖြစ်၍ ငါတို့သည် ဆင်းရဲခြင်းကို ခံရသော်လည်းကောင်း၊ သက်သာခြင်းသို့ ရောက်သော်လည်းကောင်း၊ သင်တို့၏ သက်သာခြင်းနှင့် ကယ်တင်ခြင်း အကျိုးအလိုငှာဖြစ်၏။ ငါတို့သည် ဆင်းရဲခြင်းကိုခံရသကဲ့သို့ သင်တို့သည် သည်းခံသောစိတ်နှင့် ခံရသောအားဖြင့်၊ ထိုသက်သာခြင်းနှင့် ကယ်တင်ခြင်းသည် ပြည့်စုံတတ်၏။-
1:7 သင်တို့အတွက်ကြောင့် ငါတို့သည် မရွေ့နိုင်သော မျှော်လင့်ခြင်းရှိ၏။ သင်တို့သည် ဆင်းရဲခြင်းကိုဆက်ဆံသကဲ့သို့၊ ထိုနည်းတူ သက်သာခြင်းကို ဆက်ဆံကြ၏ဟု ငါတို့သည်သိကြ၏။
1:8 ညီအစ်ကိုတို့၊ အာရှိပြည်၌ငါတို့ခံရသော ဆင်းရဲခြင်းတည်းဟူသော အသက်မလွတ်နိုင်ဟု ထင်ရ၍၊ မခံနိုင်အောင် အတိုင်းထက် အလွန်လေးသော ဆင်းရဲခံရကြောင်းကို သင်တို့မသိဘဲ နေစေခြင်းငှာ ငါတို့ အလိုမရှိ။-
1:9 ငါတို့သည် မိမိကိုယ်ကို အစဉ်မကိုးစားဘဲ၊ သေသောသူတို့ကို ထမြောက်စေတော်မူသော ဘုရားသခင်ကို ကိုးစားမည်အကြောင်း သေစေဟုစီရင်ခြင်းကို ကိုယ်တိုင်ခံရသကဲ့သို့ ဖြစ်၏။-
1:10 ထိုဘုရားသခင်သည် ငါတို့ကို ထိုမျှလောက် ကြီးစွာသော သေဘေးမှ ကယ်လွှတ်တော်မူပြီ။ ယခု၌လည်း ကယ်လွှတ်တော်မူသေး၏။-
1:11 သင်တို့သည်ကူညီ၍ ငါတို့အဖို့ ဆုတောင်းလျှင်၊ နောက်၌လည်း ကယ်လွှတ်တော်မူလတ္တံ့ဟု ငါတို့သည် ယုံကြည်မျှော်လင့်ခြင်းရှိ၏၊ ထိုသို့ဖြစ်လျှင် အများသောသူတို့သည် ကူညီသောအားဖြင့် ငါတို့၌ ရောက်သော ကျေးဇူးကို အများသောသူတို့သည်ထောက်၍ ငါတို့အတွက် ကျေးဇူးတော်ကို ချီးမွမ်းကြလိမ့်မည်။
1:12 ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဟူမူကား၊ လောကီပညာကို အမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်လည်းကောင်း၊ ဘုရားသခင် အလိုတော်ရှိသော ကြည်ဖြူခြင်းနှင့်လည်းကောင်း၊ ငါတို့သည် ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကိုကိုယ်သိသော စိတ်သည် သက်သေခံသတည်း။-
1:13 သင်တို့သည်ဖတ်၍ ဝန်ခံသောအရာမှတစ်ပါး၊ အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင်ယေရှုခရစ်၏နေ့၌ ငါတို့၏ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သကဲ့သို့၊ ငါတို့သည် သင်တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည် ငါတို့ကို အနည်းငယ်အားဖြင့် ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။
1:15 အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တစ်ဖန် ဆုကျေးဇူးတော်ကို ခံရစေခြင်းငှာ ငါသည် သင်တို့ဆီသို့ အရင်လာမည်ဟု အကြံရှိ၏။-
1:16 သင်တို့အနားမှာလျှောက်၍ မာကေဒေါနိပြည်သို့ သွားပြီးလျှင်၊ တစ်ဖန် မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်းကျေးဇူးကို ခံမည်ဟုအကြံရှိ၏။-
1:17 ထိုသို့အကြံရှိသောအခါ လျှပ်ပေါ်သော စိတ်ရှိသလော။ သို့မဟုတ် ငါ့စကားမှာ ဟုတ်မှန်၏၊ ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ မဟုတ်မမှန်၊ မဟုတ်မမှန် ဟူ၍လည်းကောင်း၊ ဖြစ်စေခြင်းငှာ ငါကြံစည်သောအရာကို ဇာတိပကတိအတိုင်း ကြံစည်သလော။-
1:18 ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသကဲ့သို့၊ သင်တို့ဆီသို့ ငါတို့ပေးလိုက်သော စကားသည် ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်း၊ မဆိုလို။-
1:19 ငါမှစ၍ သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်း မဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍သာဆိုလိုသတည်း။-
1:20 ထိုသခင်မှာ ဘုရားသခင်၏ ကတိတော်ရှိသမျှတို့သည် ငါတို့အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလိုငှာ၊ ဟုတ်မှန်၏ ဟူ၍လည်းကောင်း၊ အာမင်ဟူ၍ လည်းကောင်းဖြစ်သတည်း။-
1:21 သင်တို့နှင့် ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။-
1:22 ထိုဘုရားသခင်သည် ငါတို့ကိုတံဆိပ်ခတ်၍ ငါတို့စိတ်နှလုံးထဲ၌ ဝိညာဉ်တော်တည်းဟူသော စရန်ကို သွင်းပေးတော်မူ၏။
1:23 ငါသည် သင်တို့ကို သနားသောကြောင့်သာ ယခုတိုင်အောင် ကောရိန်သုမြို့သို့မလာဟု ငါ့စိတ်ဝိညာဉ်ဘက်၌ ဘုရားသခင်ကို ငါတိုင်တည်၏။-
1:24 ထိုသို့ဆိုသော်လည်း၊ ငါတို့သည် သင်တို့၏ယုံကြည်ခြင်းကို အစိုးရသည်မဟုတ်။ သင်တို့၏ ဝမ်းမြောက်ခြင်းအကြောင်းကို ကူမ၍သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ယုံကြည်ခြင်းအားဖြင့် သင်တို့သည် တည်နိုင်ကြ၏။