Ephesians 2
2:1 သင်တို့သည် အထက်က လောကီတရားသို့လိုက်၍ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်းတည်းဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ဝိညာဉ်၏အလိုနှင့်အညီ၊ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍၊ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေတော်မူပြီ။-
2:3 ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါတို့ရှိသမျှသည် အထက်က ကိုယ်ကာယ၏အလိုသို့လည်းကောင်း၊ စိတ်၏ အလိုသို့လည်းကောင်း၊ လိုက်သဖြင့် ကာမဂုဏ်တို့၌ ကျင်လည်သည်ဖြစ်၍၊ ကြွင်းသောသူတို့ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံရသောသူဖြစ်ကြ၏။-
2:4 သို့သော်လည်း ကရုဏာတော်နှင့် ကြွယ်ဝတော်မူသော ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့်၊-
2:5 ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို့ ရောက်ရ၏။-
2:6 ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ။-
2:7 အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ ကျေးဇူးပြု၍၊ ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်း ဖြစ်သတည်း။-
2:8 ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။-
2:9 ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။-
2:10 အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာ ဖြစ်ကြ၏။ ထိုကောင်းသော အကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ။
2:11 ထိုကြောင့်၊ လက်ဖြင့် ကိုယ်ကာယ၌ပြုသော ဝေါဟာရ အရေဖျားလှီးခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့်၊ အရေဖျားလှီးခြင်းကို မခံသောလူဟူ၍ ခေါ်ဝေါ်ကြသော သာသနာပလူတို့အထဲ၌ သင်တို့သည် အထက်က ပကတိအတိုင်း ဖြစ်ကြသည်ကိုလည်းကောင်း၊-
2:12 ထိုအခါ သင်တို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလအပေါင်း၌ မဝင်၊ ကတိတော်ပါသော ပဋိညာဉ် တရားတို့နှင့်မဆိုင်၊ မျှော်လင့်ခြင်းမရှိ၊ လောက၌ ဘုရားမဲ့ နေကြသည်ကိုလည်းကောင်း၊ အောက်မေ့ကြလော့။-
2:13 သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း၊ ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ ရောက်ကြပြီ။-
2:14 အဘယ်သို့နည်းဟူမူကား၊ ထိုသခင်သည် ငါတို့ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူ၏။-
2:15 ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူသဖြင့်၊ ပိုင်းခြားလျက်ရှိသော စပ်ကြား အုတ်တံတိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကို တစ်စုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်းစေပြီးလျှင်၊-
2:16 ကိုယ်တော်၌ ထိုလူနှစ်စုတို့ကို လူသစ်တစ်ဦး တစ်ကိုယ်တည်းဖြစ်စေခြင်းငှာ ပြင်ဆင်၍၊ တစ်လုံးတစ်ဝတည်း ဖြစ်ပြီးသော ထိုလူနှစ်စုတို့ကို၊ လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကို သတ်ဖြတ်လျက်၊ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေမည်အကြောင်းတည်း။-
2:17 ထိုခရစ်တော်သည်လည်း ကြွလာ၍၊ ဝေးလျက်ရှိသော သင်တို့အားလည်းကောင်း၊ နီးလျက်ရှိသော ငါတို့အားလည်းကောင်း၊ ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူ၏။-
2:18 ထိုသို့ ခရစ်တော်အားဖြင့် ငါတို့နှစ်ဦးသည် စိတ်ဝိညာဉ်တစ်လုံးတစ်ဝတည်းဖြစ်၍၊ ခမည်းတော်ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြပြီ။
2:19 ထိုကြောင့်၊ သင်တို့သည် တစ်ကျွန်းတစ်နိုင်ငံသား မဟုတ်၊ ဧည့်သည်လည်း မဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားချင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။-
2:20 အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။-
2:21 ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တစ်တိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဖို့ အလိုငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။-
2:22 ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှာ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။