Ephesians 4
4:1 ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည် အကြောင်း၊ သခင်ဘုရားအတွက်ကြောင့် အကျဉ်းခံရသော ငါသည် သင်တို့ကို တိုက်တွန်းနှိုးဆော်ပါ၏။-
4:2 အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ပြည့်စုံသဖြင့်၊ မေတ္တာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် သည်းခံခြင်းရှိကြ၍၊-
4:3 အသင့်အတင့် ပေါင်းဖော်ခြင်း အဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား တစ်လုံးတစ်ဝတည်းဖြစ်အံ့သောငှာ ကြိုးစားအားထုတ်ကြလော့။-
4:4 သင်တို့ကို ခေါ်တော်မူခြင်းနှင့်စပ်ဆိုင်သော မျှော်လင့်ခြင်းတစ်ပါးထဲသို့ ခေါ်သွင်းတော်မူသည်နှင့်အညီ၊ ကိုယ်တစ်ကိုယ်၊ ဝိညာဉ်တစ်ဝိညာဉ်တည်းရှိ၏။-
4:5 သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဗတ္တိဇံတစ်ပါး၊-
4:6 ခပ်သိမ်းသော ငါတို့၏အဘဖြစ်သော ဘုရားသခင် တစ်ဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသော ငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသော ငါတို့ကို နှံ့ပြားတော်မူ၏။ ခပ်သိမ်းသော ငါတို့၏အထဲ၌လည်း ရှိတော်မူ၏။-
4:7 သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည် ကျေးဇူးတော်ကို အသီးအသီး ကိုယ်စီခံရကြပြီ။-
4:8 ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဖမ်းသွားတော်မူ၍၊ လူတို့အား ဆုလာဘ်များကို ပေးတော်မူသည်ဟု လာသတည်း။-
4:9 တက်ကြွတော်မူသည်ဟု ဆိုသော်၊ အစစွာ မြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။-
4:10 ဆင်းသက်တော်မူသောသူသည် အခြားသောသူ မဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှာ၊ ခပ်သိမ်းသော ကောင်းကင်တို့၏အထွဋ်ကို လွန်၍ တက်ကြွတော်မူသော သူဖြစ်သတည်း။
4:11 ခရစ်တော်၏ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊-
4:12 သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှာ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့ကို ပရောဖက်အရာ၌လည်းကောင်း၊ အချို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း၊ ခန့်ထားတော်မူ၏။-
4:13 ငါတို့ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ အရပ်တည်းဟူသော ကြီးရင့်သော လူတို့၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင် ဖြစ်သတည်း။-
4:14 အကြောင်းမူကား၊ သူတစ်ပါးတို့သည် လူပရိယာယ်နှင့်အပြစ်သို့ သွေးဆောင်ခြင်းငှာ လှည့်ဖြား ပြောဆိုသဖြင့်၊ ငါတို့သည် နောက်တစ်ဖန် ခပ်သိမ်းသော ဩဝါဒ လေတိုက်၍ ဖရိုဖရဲလွင့်သွားသော သူငယ် မဖြစ်ဘဲလျက်၊-
4:15 မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။-
4:16 ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တစ်ကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက် ခြင်းငှာ ကြီးပွားစေတတ်၏။
4:17 ထိုကြောင့် ကြွင်းသော တစ်ပါးအမျိုးသားတို့သည် လျှပ်ပေါ်သောစိတ်နှင့် ကျင့်သည်နည်းတူ၊ သင်တို့သည် နောက်တစ်ဖန် မကျင့်မည်အကြောင်း သခင်ဘုရားအခွင့်နှင့် ငါမှာလိုက်၏။-
4:18 ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် အလျှင်းမသိ သောကြောင့်၊ ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက်ရှိကြ၏။-
4:19 ထိုသူတို့သည် ရှက်ကြောက်ခြင်းမရှိ၊ တပ်မက်ခြင်း အလွန်ပြင်းသည်နှင့် ညစ်ညူးသောအကျင့် အမျိုးမျိုးကို ကြိုးစား၍ ကျင့်လိုသောငှာ၊ မိမိတို့ကို ကိလေသာလက်သို့ အပ်လိုက်ကြ၏။-
4:20 ထိုသို့ဖြစ်စေခြင်းငှာ သင်တို့သည် ခရစ်တော်တရားကို သင်ကြပြီမဟုတ်ဘဲ၊-
4:21 အထက်က ကျင်လည်ကြသည်အရာမှာ လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကို ချွတ်ပယ်၍၊ စိတ်နှလုံးသဘောသစ်ကို ရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည်အကြောင်း၊ ခရစ်တော်၏စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း။
4:25 ထိုကြောင့် မုသားစကားကိုပယ်ရှား၍၊ မှန်သောစကားကိုသာ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။ အကြောင်းမူကား၊ ငါတို့သည် အချင်းချင်း အင်္ဂါချင်းဖြစ်ကြ၏။-
4:26 အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။-
4:27 အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။-
4:28 ခိုးတတ်သောသူသည် နောက်တစ်ဖန် မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန် ရှိစေခြင်းငှာ၊ မိမိလက်နှင့် ကောင်းသောအလုပ်ကို လုပ်ဆောင်အားထုတ်စေ။-
4:29 ညစ်ညူးသော စကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှာ၊ တည်ဆောက်စရာဖို့ ကောင်းသောစကားကိုသာ သုံးဆောင်ကြလော့။-
4:30 ရွေးနုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။-
4:31 ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင်ပြောဆိုခြင်း တို့ကိုလည်းကောင်း၊ ခပ်သိမ်းသော မနာလိုခြင်းကိုလည်းကောင်း၊ သင်တို့မှ ပယ်ရှားကြလော့။-
4:32 အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။