Deuteronomy 22
22:1 သင့်ညီအစ်ကို၏ သိုးနွားသည် လမ်းလွဲသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုထံသို့ ဆက်ဆက်ပြန်ပို့ရမည်။
22:2 ညီအစ်ကို ဝေးသော်လည်းကောင်း၊ သူ့ကို မသိသော်လည်းကောင်း၊ ထိုသိုးနွားကို ကိုယ်အိမ်သို့ ဆောင်ခဲ့ရမည်။ ညီအစ်ကိုသည် မရှာ၊ သူ၌ မအပ်မီတိုင်အောင် ကိုယ်အိမ်၌ ထားရမည်။
22:3 မြည်းဖြစ်စေ၊ အဝတ်ဖြစ်စေ၊ ညီအစ်ကို၏ဥစ္စာ တစ်စုံတစ်ခုပျောက်၍ သင်တွေ့မိလျှင်၊ ကြည့်၍မနေဘဲ ထိုအတူပြုရမည်။
22:4 ညီအစ်ကို၏ မြည်းနွားသည် လမ်း၌လဲလျက်ရှိသည်ကို ကြည့်၍မနေရ။ ညီအစ်ကိုနှင့်ဝိုင်း၍ ဆက်ဆက် မစရမည်။
22:5 မိန်းမသည် ယောက်ျားအဝတ်ကို မဝတ်ရ။ ယောက်ျားသည်လည်း မိန်းမအဝတ်ကို မဝတ်ရ။ ထိုသို့ဝတ်သောသူရှိသမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားသည် စက်ဆုပ်ရွံရှာတော်မူ၏။
22:6 သစ်ပင်ပေါ် မြေပေါ်မှာ ငှက်သိုက်၌ငှက်မသည် အဥများ၊ သားငယ်များကို ဝပ်လျက်နေသည်ကို တွေ့လျှင်၊ သားငယ်တို့နှင့်အတူ အမိကိုမယူရ။
22:7 သင်သည် ကောင်းစား၍ အသက်တာရှည်မည် အကြောင်း၊ သားငယ်တို့ကို သိမ်းယူလျှင်လည်း အမိကိုလွှတ်လိုက်ရမည်။
22:8 လူသည် အိမ်မိုးပေါ်ကကျ၍ လူအသက်ကို သတ်သောအပြစ် မရောက်မည်အကြောင်း၊ အိမ်အသစ်ကိုဆောက်သောအခါ၊ အမိုးနားပတ်လည်၌ အဆီးအတားကို လုပ်ရမည်။
22:9 စပျစ်ဥယျာဉ်၌ ခြားနားသော မျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင်၊ မျိုးစေ့အသီး၊ စပျစ်ပင် အသီးနှစ်ပါးစလုံး ပျက်လိမ့်မည်။
22:10 နွားနှင့်မြည်းကို ဖက်၍လယ်မထွန်ရ။
22:11 ဝါနှင့်သိုးမွေးကို ရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ။
22:12 သင်ခြုံသောအဝတ်စွန် လေးဘက်၌ ပန်းပွားတို့ကိုဆွဲရမည်။
22:13 လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တစ်ဖန် ထိုမိန်းမကိုမုန်း၍၊
22:14 ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကိုပြု၍ သူ့အသရေကိုဖျက်လျှင်၊
22:15 ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာသက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊
22:16 ထိုမိန်းမ၏အဘက၊ အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ်ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကိုမုန်း၍၊
22:17 သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါတွေ့ပြီဟုဆိုလျက် ကဲ့ရဲ့စရာအကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား၊ အကျွန်ုပ်သမီး၏ ကညာလက္ခဏာသက်သေ ဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထိုအဝတ်ကို သူတို့ရှေ့မှာလှန်၍ ပြရမည်။
22:18 ထိုအခါ မြို့၌ အသက်ကြီးသူတို့သည် ထိုလူကိုယူ၍ ရိုက်ပြီးမှ၊
22:19 ငွေတစ်ပိဿာကို လျော်စေ၍၊ မိန်းမ၏အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုးကညာ၏အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တစ်သက်လုံး ထိုမိန်းမနှင့်မကွာရ။
22:20 သို့မဟုတ် လင်စကားမှန်၍၊ ထိုမိန်းမ၌ ကညာလက္ခဏာသက်သေမရှိလျှင်၊
22:21 မြို့သားယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ အကြောင်းမူကား၊ သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလအမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
22:22 လင်ရှိသောမိန်းမနှင့် အခြားသောယောက်ျား သင့်နေသည်ကို တွေ့မိလျှင်၊ ထိုယောက်ျားနှင့် မိန်းမနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှားရမည်။
22:23 အပျိုကညာကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ၊ အခြားသောယောက်ျားသည် မြို့ထဲမှာတွေ့၍ သင့်နေလျှင်၊
22:24 ထိုသူနှစ်ယောက်တို့ကို မြို့တံခါးဝသို့ ထုတ်ဆောင်ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ မိန်းမသည် မြို့ထဲမှာရှိလျက်ပင် မအော်မဟစ်သောကြောင့်လည်းကောင်း၊ ယောက်ျားလည်း သူ့မယားကို ရှုတ်ချသောကြောင့်လည်းကောင်း၊ ထိုသူနှစ်ယောက်တို့သည် အသေသတ်ခြင်းကို ခံရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။
22:25 အပျိုကို ယောက်ျားနှင့် ထိမ်းမြားဆောင်နှင်းပြီးမှ အခြားသော ယောက်ျားသည် တော၌တွေ့၍ အနိုင်အထက်ပြုလျှင်၊ ထိုယောက်ျားတစ်ယောက်တည်းကိုသာ အသေသတ်ရမည်။
22:26 သေထိုက်သောအပြစ် မရှိသောထိုမိန်းမကို သင်သည် အဘယ်သို့မျှမပြုရ။
22:27 အကြောင်းမူကား၊ ယောက်ျားသည် ထိုမိန်းမကို တော၌တွေ့၍ မိန်းမအော်ဟစ်သော်လည်း ကူညီသောသူမရှိသောကြောင့်၊ ထိုအမှုသည် လူချင်းတစ်ယောက်ကို တစ်ယောက် ရန်ပြု၍သတ်သောအမှုနှင့်တူ၏။
22:28 ယောက်ျားနှင့် မထိမ်းမြားမဆောင်နှင်းသေးသော အပျိုကညာကို အခြားသောယောက်ျားသည်တွေ့၍ ကိုင်ဆွဲသင့်နေသည်ကို တွေ့မိလျှင်၊
22:29 ထိုယောက်ျားသည် မိန်းမ၏အဘအား ငွေငါးဆယ်ကို လျော်ရမည်။ ထိုမိန်းမသည်လည်း သူ၏မယားဖြစ်ရမည်။ သူ့ကိုရှုတ်ချသောကြောင့် တစ်သက်လုံး မကွာရ။
22:30 လူသည် မိမိအဘနှင့်သာဆိုင်သော အဘ၏မယားကို မသိမ်းရ။