Deuteronomy 8
8:1 သင်သည် အသက်ရှင်၍ များပြားမည်အကြောင်း၊ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွား၍ ဝင်စားမည်အကြောင်း၊ ယနေ့ ငါမှာထားသော ပညတ်အလုံးစုံတို့ကို ကျင့်ဆောင်အံ့သောငှာ သတိပြုရမည်။
8:2 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုနှိမ့်ချစုံစမ်း၍၊ ပညတ်တော်တို့ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း၊ လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ပို့ဆောင်တော်မူသော လမ်းခရီးတစ်လျှောက်လုံးကို အောက်မေ့ရမည်။
8:3 ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ်ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ဘိုးဘေးမသိဖူးသော မန္နနှင့် ကျွေးမွေးတော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။
8:4 လွန်ခဲ့ပြီးသောအနှစ်လေးဆယ်ပတ်လုံး သင်ဝတ်သောအဝတ် မဟောင်းမနွမ်း၊ သင့်ခြေလည်း မပွန်းမရောင်။
8:5 အဘသည် သားကိုဆုံးမသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အားဆုံးမတော်မူသည်ကို စိတ်ထဲမှာအောက်မေ့ရမည်။
8:6 သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရား စီရင်တော်မူသောလမ်းသို့ လိုက်၍၊ ကိုယ်တော်ကိုကြောက်ရွံ့သဖြင့် ပညတ်တော်တို့ကို စောင့်ရှောက်ရမည်။
8:7 အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
8:8 ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့်ပြည့်စုံသောပြည်၊
8:9 ဘာမျှမလိုဘဲ ဝစွာစားရသောပြည်၊ သံကျောက်နှင့်ပြည့်စုံ၍၊ တောင်ထဲကကြေးနီကို တူးရသောပြည်သို့ သင့်ကိုဆောင်သွားတော်မူ၏။
8:10 ထိုကောင်းမွန်သောပြည်ကို ပေးသနားတော်မူသည်ဖြစ်၍၊ သင်သည် ဝစွာစားရသောအခါ၊ သင်၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းရမည်။
8:11 ယနေ့ငါဆင့်ဆိုသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားတော်တို့ကို သင်သည်မစောင့်၊ သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့သောအပြစ်ကို သတိနှင့်ရှောင်လော့။
8:12 သင်သည်ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဉ်၊
8:13 သင်၏သိုးနွား၊ ရွှေငွေအစရှိသော ဥစ္စာမျိုးများပြားစဉ်အခါ၊
8:14 သင်သည် မာနထောင်လွှားခြင်းသို့ ရောက်၍၊ အထက်ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ကယ်နုတ်ဆောင်ယူခဲ့တော်မူထသော၊
8:15 မီးမြွေ၊ ကင်းမြီးကောက်များ၍၊ ရေမရှိ၊ အငတ်ခံရာအရပ်၊ ကြောက်မက်ဖွယ်သော တောကြီးအလယ်၌ သင့်ကိုပို့ဆောင်၍ မီးပါကျောက်ထဲက ရေကိုထွက်စေတော်မူထသော၊
8:16 သင့်ကိုနှိမ့်ချစုံစမ်း၍၊ နောက်ဆုံး၌ကျေးဇူးပြုလိုသောငှာ၊ သင်၏ ဘိုးဘေးမသိဖူးသော မန္နနှင့် တော၌ကျွေးမွေးတော်မူသော သင်၏ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့၍၊
8:17 ငါ့တန်ခိုး၊ ငါ့လက်သတ္တိအားဖြင့် ဤစည်းစိမ်ကိုငါရတတ်သည်ဟု စိတ်ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့်ကြဉ်ရှောင်လော့။
8:18 သင်၏ ဘုရားသခင်ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပဋိညာဉ်တရားတော်ကို ယနေ့ကဲ့သို့ တည်စေလိုသောငှာ၊ စည်းစိမ်ရတတ်သော အစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏။
8:19 သင်၏ ဘုရားသခင်ထာဝရဘုရားကို သင်သည်မေ့လျော့သဖြင့်၊ အခြားတစ်ပါးသောဘုရားတို့ကို ဆည်းကပ်၍ ဝတ်ပြုကိုးကွယ်လျှင်၊ ပျက်စီးခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ငါသည် သင့်တစ်ဖက်၌သက်သေခံ၏။
8:20 သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့်၊ ထာဝရဘုရားသည် သင့်ရှေ့မှာဖျက်ဆီးတော်မူသော လူမျိုးများကဲ့သို့၊ ထိုနည်းတူ သင်သည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။