Philippians 2
2:1 ထိုကြောင့် ခရစ်တော်၌သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသောအရာ တစ်စုံတစ်ခုရှိလျှင်၊-
2:2 သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ၊ သဘောတညီတညွတ်တည်း ရှိသောအားဖြင့်၊ ငါဝမ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။-
2:3 ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။-
2:4 ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။-
2:5 ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။-
2:6 ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊-
2:7 မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။-
2:8 ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။-
2:9 ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။-
2:10 အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊-
2:11 ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။
2:12 သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်း အစဉ် နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့်၊ ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။-
2:13 အကြောင်းမူကား၊ သင်တို့သည် အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း။-
2:14 သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းမရှိဘဲ ပြုကြလော့။-
2:15 သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲနေ၍၊ မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သား ဖြစ်ကြလိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တရားတော်ကို ပြသ၍၊ စကြဝဠာ၌ နေ၊ လ၊ ကြယ် နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲလျက် ကြိုးစားအားထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်းရှိလိမ့်မည်။
2:17 ထိုမျှမက၊ သင်တို့၏ယုံကြည်ခြင်းကို တင်လှူ ပူဇော်သော ယဇ်အပေါ်မှာ ငါ့ကိုလောင်းသော်လည်း ဝမ်းမြောက်ခြင်းရှိ၏။ သင်တို့ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်းရှိ၏။-
2:18 ထိုနည်းတူ သင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။
2:19 သင်တို့အကြောင်းအရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင်ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏။-
2:20 အကြောင်းမူကား၊ ထိုသူသည် သင်တို့အကျိုးကို ကြည့်ရှုချင်သော စေတနာစိတ်ရှိသကဲ့သို့ စိတ်သဘောတူသော သူတစ်ယောက်မျှ ငါတို့၌မရှိ။-
2:21 လူခပ်သိမ်းတို့သည် ယေရှုခရစ်၏အကျိုးကို မရှာ၊ ကိုယ်အကျိုးကိုသာ ရှာကြ၏။-
2:22 သို့သော်လည်း သားသည်အဘနှင့်အတူ ဆောင်ရွက်သကဲ့သို့၊ သူသည်ငါနှင့်အတူ ဧဝံဂေလိတရားအမှုကို အမှန်ဆောင်ရွက်သည်ဟု သူပြသောသက်သေကို သင်တို့ သိကြ၏။-
2:23 ထိုကြောင့် ငါ၌အဘယ်သို့ဖြစ်မည်ဟု ငါသိသောအခါ၊ သူ့ကို သင်တို့ရှိရာသို့ ချက်ချင်းစေလွှတ်မည်ဟု ကြံစည်မျှော်လင့်လျက် ငါနေ၏။-
2:24 ထိုမျှမက၊ ငါ့ကိုယ်တိုင် သင်တို့ရှိရာသို့ များမကြာလာမည်ဟု သခင်ဘုရားအားဖြင့် ယုံမှတ်စွဲလမ်းသော စိတ်ရှိ၏။-
2:25 သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖော်၊ ငါ့ကိုပြုစုသော သူတည်းဟူသော သင်တို့တမန်၊ ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခုစေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။-
2:26 အကြောင်းမူကား၊ သူသည် နာကြောင်းကို သင်တို့ကြားသိသောကြောင့်၊ သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက်နေ၏။-
2:27 သူသည် သေလုအောင် နာသည်မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်။ ငါ၌ ဝမ်းနည်းခြင်းအဆင့်ဆင့် အထပ်ထပ်မရှိစေခြင်းငှာ၊ ငါ့ကိုလည်း သနားတော်မူ၏။-
2:28 ထိုကြောင့် သင်တို့သည် သူ့ကိုတစ်ဖန် တွေ့မြင်၍ ဝမ်းမြောက်စေခြင်းငှာလည်းကောင်း၊ ငါသည်လည်း သက်သာခြင်းငှာလည်းကောင်း၊ သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။-
2:29 သို့ဖြစ်၍ သခင်ဘုရားကို ထောက်လျက်၊ ဝမ်းမြောက်သောစိတ်နှင့် သူ့ကိုလက်ခံကြလော့။ ထိုသို့သောသူတို့ကို ရိုသေလေးမြတ်ကြလော့။-
2:30 အကြောင်းမူကား၊ သင်တို့သည် ငါ့ကိုပြုစု၍ မပြည့်စုံသေးသောဝတ်ကို သူသည် ပြည့်စုံခြင်းငှာ၊ ကိုယ်အသက်ကို စွန့်စား၍ ခရစ်တော်၏အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။