1 Thessalonians 2
2:1 ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အထဲသို့ ဝင်ခြင်းအမှုသည် အချည်းနှီးမဖြစ်ကြောင်းကို သင်တို့သည် ကိုယ်တိုင်သိကြ၏။-
2:2 သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ဖိလိပ္ပိမြို့၌ ဆင်းရဲခြင်းနှင့် ညှဉ်းဆဲခြင်းကိုခံပြီးမှ၊ ဘုရားသခင်ကို အမှီပြု၍ ကြီးစွာသော တိုက်လှန်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ရဲရင့်စွာဟောပြောကြ၏။-
2:3 ငါတို့သည် မှားယွင်းခြင်း၊ ညစ်ညူးခြင်း၊ လှည့်ဖြားခြင်းအားဖြင့် သင်တို့ကို တိုက်တွန်းသွေးဆောင်ကြသည် မဟုတ်။-
2:4 ဧဝံဂေလိတရားကို စောင့်ထိုက်သောသူဟု ငါတို့ကို ဘုရားသခင် လက်ခံတော်မူသည်နှင့်အညီ၊ လူကို နှစ်သက်စေသကဲ့သို့ မဟုတ်၊ ငါတို့စိတ်နှလုံးကို စစ်ကြောစုံစမ်းတော်မူသော ဘုရားသခင်ကို နှစ်သက်စေသကဲ့သို့ ဟောပြောကြ၏။-
2:5 အဘယ်သို့နည်းဟူမူကား၊ သင်တို့သိကြသည်နှင့်အညီ၊ ငါတို့သည် ချော့မော့သောစကားကို တစ်ခါမျှမသုံး၊ ဝှက်ထားသော လောဘစိတ်အလျှင်းမရှိကြောင်းကို ဘုရားသခင်သည် ငါတို့သက်သေ ဖြစ်တော်မူ၏။-
2:6 ထိုမှတစ်ပါး၊ ခရစ်တော်၏တမန်တော်ဖြစ်၍၊ လေးသောဝန်ကို တင်ပိုင်သော်လည်း၊ လူပေးသော ဘုန်းအသရေကို သင်တို့တွင်မရှာ၊ အခြားသူတို့တွင်လည်း မရှာဘဲ၊-
2:7 သင်တို့တွင် ဖြည်းညင်းစွာပြုကြ၏။ သင်တို့ကို ချစ်သောကြောင့် နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့၊ ငါ တို့သည် သင်တို့ကို နှမြောစုံမက်ခြင်းနှင့်တကွ၊ ဘုရားသခင်၏ ဧဝံဂေလိတရားကိုမျှမက၊ ကိုယ်အသက်ကိုပင် ပေးချင်သော စေတနာစိတ်ရှိကြ၏။
2:9 ညီအစ်ကိုတို့၊ ငါတို့သည် ပင်ပန်းစွာ လုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တစ်ယောက်ကိုမျှ မနှောင့်ယှက်ခြင်းငှာ၊ ငါတို့သည် နေ့ညလုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏။-
2:10 မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက်အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှာ၊ အဘသည် မိမိသားတို့ကို ပြုသကဲ့သို့ ငါတို့သည် သင်တို့ရှိသမျှကို အဘယ်သို့ တိုက်တွန်းသွေးဆောင်၍ မှာထားသည်ကို သင်တို့သိကြသည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့တွင် ငါတို့သည် အဘယ်သို့ သန့်ရှင်းဖြောင့်မတ်လျက်၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်နေကြသည်ကို သင်တို့သည် သက်သေဖြစ်ကြ၏။ ဘုရားသခင်သည်လည်း သက်သေဖြစ်တော်မူ၏။
2:13 ငါတို့ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့သည် ခံယူကြသောအခါ၊ လူ၏နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသို့ရောက်သော သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည် အကြောင်းအရာကို ငါတို့သည်ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းကြ၏။-
2:14 အဘယ်သို့နည်းဟူမူကား၊ ယုဒပြည်၌ ယေရှုခရစ်၏ဘာသာကို ခံယူသော ဘုရားသခင်၏ သင်းဝင်သူတို့သည် ယုဒလူတို့လက်မှ ဆင်းရဲခံရသကဲ့သို့၊ ညီအစ်ကိုတို့၊ သင်တို့သည် မိမိတို့ အမျိုးသားချင်းတို့ လက်မှ ထိုနည်းတူခံရသောအားဖြင့်၊ ယုဒပြည်၌ရှိသော တပည့်တော်ကဲ့သို့သောသူ ဖြစ်ကြ၏။-
2:15 ယုဒလူတို့သည် သခင်ယေရှုမှစ၍ ပရောဖက်များကို အသေသတ်ကြပြီ။ ငါတို့ကိုလည်း ညှဉ်းဆဲကြပြီ။ ဘုရားသခင်၏ အလိုတော်သို့ မလိုက်၊ ခပ်သိမ်းသော လူတို့နှင့် ဆန့်ကျင်ဘက်ဖြစ်ကြ၏။-
2:16 တစ်ပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှာ ငါတို့သည် ဟောပြောကြသည်ကို သူတို့သည် ဆီးတား၍၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ၏။ သူတို့အပေါ်၌ အမျက်တော်သည် အကုန်အစင် ရောက်ရ၏။
2:17 ညီအစ်ကိုတို့၊ ငါတို့သည် စိတ်နှလုံးအားဖြင့် မဟုတ်၊ ကိုယ်အားဖြင့်သာ သင်တို့နှင့် ခဏကွာသည်ရှိသော်၊ သင်တို့မျက်နှာကို မြင်ခြင်းငှာ၊ အလွန်လွမ်းသော စိတ်နှင့် သာ၍ ကြိုးစားအားထုတ်ကြ၏။-
2:18 ထိုကြောင့်၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှာ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း၊ စာတန်သည် ဆီးတားလေ၏။-
2:19 ငါတို့မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည်မဟုတ်လော။-
2:20 သင်တို့သည် ငါတို့၏ဘုန်းအသရေ၊ ငါတို့၏ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်ကြသတည်း။