1 Timothy 1
1:1 ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မျှော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှုခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊-
1:2 ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ၏။ ငါတို့ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
1:3 ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့် ဟူ၍လည်းကောင်း၊ ဒဏ္ဍာရီစကားကို နားမထောင်ကြနှင့် ဟူ၍လည်းကောင်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့် ဟူ၍လည်းကောင်း၊ သင်သည် အချို့သော သူတို့ကို ပညတ်ထား၍၊ ဧဖက်မြို့၌ နေရစ်စေခြင်းငှာ၊ ငါသည် မာကေဒေါနိပြည်သို့ သွားသောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။
1:5 ထိုသို့ ပညတ်ထားခြင်း၏ အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်ခြင်းနှင့်လည်းကောင်း၊ မှန်သော ယုံကြည်ခြင်းနှင့်လည်းကောင်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း။-
1:6 ထိုသို့သောအကျင့်ကို လူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။-
1:7 အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။-
1:8 ပညတ်တရားကို တရားသဖြင့် ကျင့်သောသူအဖို့ မထား၊ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင်သောသူ၊ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊ ဘုရားတရားကို မရိုမသေပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်း မေထုန်ကိုပြုသောသူ၊ လူကို ခိုးသွားသောသူ၊ မုသားစကားကို သုံးသောသူ၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဖို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကို တရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။-
1:11 ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့် ညီသတည်း။
1:12 ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။-
1:13 ငါသည် ကဲ့ရဲ့သောသူ၊ ညှဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ဖူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကို ငါခံရပြီ။-
1:14 ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်းထက်အလွန် ကြွယ်ဝပြီ။-
1:15 ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။-
1:16 သို့သော်လည်း၊ ထာဝရအသက်အလိုငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေ ဖြစ်စေခြင်းငှာ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။-
1:17 လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။
1:18 ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကိုလည်းကောင်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေခြင်းငှာ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကို သင်၌ ငါအပ်ပေး၏။-
1:19 ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။-
1:20 ထိုသူတို့တွင် ဟုမေနဲနှင့် အာလေဇန္ဒြု ပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင်ခြင်းငှာ သင်ရမည်အကြောင်း၊ စာတန်၏လက်သို့ ငါအပ်လိုက်ခဲ့ပြီ။