1 Timothy 6
6:1 ဘုရားသခင်၏ နာမတော်နှင့်တရားတော်သည် ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အစေခံကျွန် မည်သည်ကား၊ မိမိသခင်ကို အလွန်ရိုသေထိုက်သောသူ ဟူ၍ မှတ်စေ။-
6:2 သခင်သည် ယုံကြည်သောသူဖြစ်လျှင်၊ ညီအစ်ကိုဖြစ်သည်ဟု စိတ်ထင်နှင့်၊ မခန့်မညားမပြုစေနှင့်။ အစေခံခြင်း၏အကျိုးကို ခံရသောသူသည် ယုံကြည်သောသူ၊ ချစ်အပ်သောသူဖြစ်သောကြောင့် သာ၍ အစေခံစေ။ ဤသို့ဆုံးမဩဝါဒပေး၍ တိုက်တွန်းသွေးဆောင်လော့။
6:3 ခြားနားသောဩဝါဒကို သင်ပေး၍၊ ငါတို့သခင် ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သော စကားကိုလည်းကောင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်အညီ ဖြစ်သော ဩဝါဒကိုလည်းကောင်း ဝန်မခံသောသူမည်သည်ကား၊-
6:4 မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကို ဆွေးနွေး၍ စကားကြောင့်သာ ငြင်းခုံသောအားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသော ကြံစည်ခြင်း၊-
6:5 စိတ်နှလုံးယိုယွင်း၍၊ သမ္မာတရားနှင့်ကင်းသော သူတို့၏ အချည်းနှီးဆွေးနွေးခြင်း ဖြစ်တတ်၏။ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု သူတို့သည် စိတ်ထင်ကြ၏။ ထိုသို့သောသူတို့ကို ရှောင်လော့။-
6:6 ရောင့်ရဲသောစိတ်ပါလျှင်၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းသည် ကြီးစွာသော အကျိုးစီးပွားမှန်၏။-
6:7 အကြောင်းမူကား၊ ငါတို့သည် ဤလောကထဲသို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍၊ ထွက်သွားလျှင်လည်း၊ အဘယ်အရာကိုမျှ ယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။-
6:8 သို့ဖြစ်၍၊ စားရန်၊ ဝတ်ရန်ရှိသမျှနှင့် ရောင့်ရဲလျက်နေကြကုန်အံ့။-
6:9 ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။-
6:10 အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။
6:11 သို့ဖြစ်၍၊ အို ဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့။-
6:12 ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုလော့။ ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ ရှေ့၌ ကောင်းမွန်စွာဝန်ခံပြီ။-
6:13 ငါတို့သခင်ယေရှုခရစ် ထင်ရှားပေါ်ထွန်းတော်မူသည်တိုင်အောင်၊ သင်သည်အညစ်အကြေးနှင့် ကင်းစင်၍ အပြစ်တင်ခွင့် မရှိဘဲလျက်၊ ပညတ်တော်ကို စောင့်ရှောက်မည်အကြောင်း၊-
6:14 အလုံးစုံတို့ကို အသက်ရှင်စေတော်မူသော ဘုရားသခင့်ရှေ့မှာလည်းကောင်း၊ ပုန္တိပိလတ်မင်းထံ ကောင်းသောဝန်ခံခြင်းဘက်၌ သက်သေခံတော်မူသော ယေရှုခရစ် ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကိုပညတ်ထား၏။-
6:15 မရဏနှင့်ကင်းလွတ်သောသူ တစ်ပါးတည်းဖြစ်တော်မူထသော၊ အဘယ်သူမျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌နေတော်မူထသော အဘယ်သူမျှ မမြင်ဖူးရာ၊ မမြင်နိုင်ရာ ဖြစ်တော်မူထသော၊ မင်္ဂလာရှိသော တစ်ပါးတည်းသော အရှင်ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်သည်၊ ကာလအချိန်ရောက်သောအခါ၊ သခင်ယေရှုခရစ်၏ ထင်ရှားပေါ်ထွန်းခြင်းကို ပြတော်မူလိမ့်မည်။ ထိုဘုရားသခင်သည် ထာဝရဂုဏ်အသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
6:17 ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဖို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊-
6:18 သူတစ်ပါးအားကျေးဇူးပြုခြင်း၊ ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲချင်သော စေတနာစိတ်ရှိခြင်း၊ အချင်းချင်း ဆက်ဆံခြင်း၊-
6:19 မှန်သောအသက်ကို ဝင်စားလိုသောငှာ၊ နောင်ဘဝ၌ ကောင်းသောဘဏ္ဍာကို မိမိတို့အဖို့ ဆည်းပူး ခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့။
6:20 အို တိမောသေ၊ သင်၌အပ်ထားသော အရာကို စောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီး စကားပြောခြင်းကိုလည်းကောင်း၊ သိပ္ပံအတတ်ဟူ၍ အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း ရှောင်လော့။-
6:21 ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှ လွဲကြပြီ။ သင်၌ကျေးဇူးတော် ရှိစေသတည်း။ အာမင်။ တိမောသေဩဝါဒစာပထမစောင်ပြီး၏။