Philemon 1
1:1 ယေရှုခရစ်နှင့်စပ်ဆိုင်သောအားဖြင့် အကျဉ်းခံရသော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊ ငါတို့ချစ်သော လုပ်ဖော်ဆောင်ဖက်ချင်း ဖိလေမုန်၊-
1:2 ငါတို့ချစ်သောနှမ အပ္ပိ၊ ငါတို့စစ်သူရဲချင်း အာခိပ္ပုမှစ၍ သင်၏အိမ်၌ရှိသော အသင်းတော်ကို ကြားလိုက်ပါ၏။-
1:3 ငါတို့သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
1:4 သင်သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကို ချစ်သည်ဟု ငါသည်ကြားလျှင်၊ ငါ၏ဘုရားသခင့် ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍၊ သင့်အဖို့အလိုငှာ ဆုတောင်းပတ္ထနာ ပြုလျက်နေ၏။-
1:6 ဆုတောင်းသောအချက်ဟူမူကား၊ သင်သည် ယုံကြည်ခြင်းကို ဆက်ဆံသော အရှိန်ကြီး၍၊ သူတစ်ပါးတို့သည် ယေရှုခရစ်အဖို့အလိုငှာ ငါတို့၌ ကောင်းသောအရာ ရှိသမျှ တို့ကို ဝန်ခံမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။-
1:7 အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏ စိတ်နှလုံးကို သက်သာစေသောကြောင့်၊ သင်၏မေတ္တာကို ထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်း ရှိ၏။
1:8 ထိုကြောင့်၊ သင်သည် ပြုသင့်သောအမှုအရာကို ပညတ်ထားခြင်းငှာ၊ ငါသည် ခရစ်တော်အားဖြင့် အလွန်ရဲရင့်စရာ အခွင့်ရှိသော်လည်း၊-
1:9 အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။-
1:10 ချည်နှောင်ခြင်းကိုခံစဉ်တွင် ငါဖြစ်ဖွားစေသော သားတည်းဟူသော၊-
1:11 သင်သည် အထက်ကအသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရသောသူ ဩနေသိမ်အဖို့ ငါတောင်းပန်ပါ၏။-
1:12 ထိုသူကို သင့်ထံသို့ ငါပြန်စေသည်ဖြစ်၍၊ သူ့ကို ငါ့ရင်သွေးကဲ့သို့မှတ်လျက် လက်ခံလော့။-
1:13 ဧဝံဂေလိတရားကြောင့် ချည်နှောင်ခြင်းကို ငါခံစဉ်တွင်၊ သူသည် သင်၏ကိုယ်စား ငါ့ကို ပြုစုစေမည်အကြောင်း၊ သူ့ကို ငါထားချင်သော်လည်း၊-
1:14 သင်သည် ငါ၌ ကျေးဇူးပြုရာတွင် အနိုင်ပြုရသကဲ့သို့မဟုတ်၊ အလိုအလျောက်ပြုစေချင်သော စိတ်ရှိသည်ဖြစ်၍၊ သင်၏အခွင့် မရှိလျှင် အလျှင်းမပြုလို။-
1:15 ထိုမှတစ်ပါး၊ သင်သည် သူ့ကို အစဉ်ရစေခြင်းငှာ၊ သူသည် သင်နှင့်ခဏကွာသွားသည်ဟု ဆိုစရာရှိ၏။-
1:16 ထိုသို့ဆိုသော်၊ အစေခံကျွန်ကဲ့သို့ရမည်ဟု မဆိုလို၊ ငါ၌ အထူးသဖြင့် ချစ်သောညီ၊ သင်၌ကား၊ ဇာတိအားဖြင့်လည်းကောင်း၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ သာ၍ချစ်သော ညီကဲ့သို့ရမည်ဟု ဆိုလိုသတည်း။-
1:17 သို့ဖြစ်၍ သင်သည် ငါ့ကို အပေါင်းအဖော်ကဲ့သို့ မှတ်လျှင်၊ သူ့ကိုငါကဲ့သို့ပင် လက်ခံလော့။-
1:18 သူသည် သင်၌ပြစ်မှားခြင်း၊ ကြွေးတင်ခြင်း တစ်စုံတစ်ခုရှိလျှင်၊ ငါ့အတွက်အတာ မှတ်လော့။-
1:19 ဆပ်ပေးမည်ဟု ငါပေါလုသည် ကိုယ်လက်နှင့် ရေးထား၏။ သို့ရာတွင် သင်၏ကိုယ်တည်းဟူသော ကြွေးကိုပင် ငါ့အားဆပ်ပေးရသောအကြောင်းရှိသည်ဟု ငါမဆို။-
1:20 အချင်းငါ့ညီ၊ သခင်ဘုရား၌ ငါ့ကို ကျေးဇူးပြုပါလော့။ ခရစ်တော်၌ ငါ့စိတ်နှလုံးကို သက်သာစေပါလော့။-
1:21 သင်သည်နားထောင်မည်ဟု ယုံမှားခြင်းမရှိသည် သာမက၊ ငါပြောသည်ထက် သာ၍ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ၏။-
1:22 ထိုမှတစ်ပါး၊ ငါတည်းခိုစရာအရပ်ကိုလည်း ပြင်လော့။ အကြောင်းမူကား၊ သင်တို့သည် ဆုတောင်း ပတ္ထနာပြုသောအားဖြင့် သင်တို့ရှိရာသို့ ငါရောက်ရသော အခွင့်ကို ပေးတော်မူမည်ဟု မျှော်လင့်ခြင်းရှိ၏။
1:23 ယေရှုခရစ်ကြောင့် ငါနှင့်အတူ အကျဉ်းခံရသော ဧပဖြမှ စ၍၊-
1:24 ငါ၏ လုပ်ဖော်ဆောင်ဖက် မာကု၊ အာရိတ္တာခု၊ ဒေမ၊ လုကာတို့သည် သင့်ကို နှုတ်ဆက်ကြ၏။-
1:25 ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်ဝိညာဉ်နှင့်အတူ ရှိပါစေသတည်း။ အာမင်။ ဖိလေမုန်ဩဝါဒစာပြီး၏။