James 5
5:1 အချင်းသူဌေး၊ သူကြွယ်တို့၊ ယခုလာကြ၊ သင်တို့အပေါ်၌ ရောက်လတ္တံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။-
5:2 သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။-
5:3 ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တစ်ဖက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား၊-
5:4 နားထောင်ကြ။ သင်တို့လယ်ကွက်၌ ရိတ်သောသူတို့ကို လှည့်စား၍၊ အခမပေးဘဲနေသောကြောင့်၊ ထိုအခသည် ကြွေးကြော်လေ၏။ ရိတ်သောသူတို့၏ အော်ဟစ်ခြင်းအသံသည်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နားတော်ထဲသို့ဝင်လေပြီ။-
5:5 သင်တို့သည် မြေကြီးပေါ်မှာ ကာမဂုဏ်ခံစား၍ အလွန်ပျော်မွေ့ကြပြီ။ သတ်ရသောနေ့၌ကဲ့သို့၊ မိမိတို့နှလုံးကို မွေးမြူကြပြီ။-
5:6 ဖြောင့်မတ်သောသူကို အပြစ်စီရင်၍ ကွပ်မျက်ကြပြီ။ သူသည်လည်း သင်တို့ကို မဆီးတား။
5:7 ထိုကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုး၊ နောက်မိုးကိုရသည်တိုင်အောင်၊ အဖိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏။-
5:8 သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရား ကြွလာတော်မူသောအချိန် ရောက်လုနီးပြီ။-
5:9 ညီအစ်ကိုတို့၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ အချင်းချင်း ငြင်းခုံပြစ်တင်ခြင်းကို မပြုကြနှင့်။ တရားစီရင် ပိုင်သောသူသည် တံခါးနားမှာ ရှိတော်မူ၏။-
5:10 ငါ့ညီအစ်ကိုတို့၊ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ဟောပြောသော ပရောဖက်တို့သည် ဆင်းရဲဒုက္ခတွေ့ခြင်း၊ သည်းခံခြင်း၏ ပုံသက်သေကို ပြကြပြီဟု မှတ်ကြလော့။-
5:11 သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။
5:12 ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်းကို သာ၍ရှောင်ကြလော့။ ကောင်းကင်ဘုံကို တိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတစ်ပါး၊ အဘယ်အကျိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ သင်တို့စကားမှာ၊ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေကြလော့။
5:13 သင်တို့တွင် ဆင်းရဲခံရသောသူရှိလျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူရှိလျှင် ဆာလံသီချင်းကိုဆိုစေ။-
5:14 နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။-
5:15 ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း၏ပတ္ထနာသည် လူနာကို ကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည် အပြစ်ပြုမိသော်လည်း ထိုအပြစ်ကို လွှတ်တော်မူမည်။-
5:16 အချင်းချင်း တစ်ယောက်နှင့် တစ်ယောက်၊ ကိုယ်အပြစ်ကို ဖော်ပြတောင်းပန်ကြလော့။ ချမ်းသာရမည်အကြောင်း၊ အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပတ္ထနာသည် အလွန်တန်ခိုးပါ၏။-
5:17 ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ ဖြစ်သော်လည်း၊ မိုးမရွာမည်အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုးမရွာဘဲနေ၏။-
5:18 တစ်ဖန် ဆုတောင်းသောအခါ၊ မိုးကောင်းကင်သည် မိုးရွာစေ၏။ မြေကြီးသည်လည်း မိမိအသီးကိုသီးလေ၏။
5:19 ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ သူတစ်ပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊-
5:20 အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်စေသောသူသည်၊ ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည်ဟု ထိုသူသည် သိမှတ်စေ။ ရှင်ယာကုပ်ဩဝါဒစာပြီး၏။