Joshua 11
11:1 ထိုသတင်းကို ဟာဇော်မင်းကြီးယာဘိန်သည် ကြားသောအခါ၊ မာဒုန်မင်းကြီးယောဗပ်၊ ရှိမြုန်မင်းကြီး၊ အာခရှပ်မင်းကြီးတို့ထံသို့လည်းကောင်း၊
11:2 တောင်ရိုးမြောက်ဘက်အရပ်၊ ဂင်္နေသရက်မြို့ တောင်ဘက်လွင်ပြင်အရပ်၊ ချိုင့်ထဲအရပ်၊ အနောက်မျက်နှာ ဒေါရပြည်နယ်၌ရှိသော မင်းကြီးများထံသို့လည်းကောင်း၊
11:3 အရှေ့အနောက်၌နေသော ခါနနိလူ၊ တောင်ပေါ်မှာနေသော အာမောရိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ မိဇပါပြည်၊ ဟေရမုန်တောင်ခြေရင်း၌နေသော ဟိဝိလူတို့ရှိရာသို့လည်းကောင်းစေလွှတ်၍၊
11:4 ထိုမင်းကြီးများတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါအပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတို့နှင့်တကွ ထွက်လာကြ၏။
11:5 ထိုမင်းကြီးအပေါင်းတို့သည် စည်းဝေးလျက်၊ ဣသရေလအမျိုးကို တိုက်ခြင်းငှာချီလာ၍၊ မေရုံအိုင်နားမှာ တစ်စုတည်း တပ်ချလျက်နေကြ၏။
11:6 ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ ငါသည် နက်ဖြန်နေ့ ယခုအချိန်၌ ဣသရေလအမျိုးရှေ့မှာ၊ ထိုသူအပေါင်းတို့ကို အသေအပ်မည်။ မြင်းတို့၏ ခြေကြောကိုဖြတ်ရမည်။ ရထားတို့ကိုမီးရှို့ရမည်ဟု ယောရှုအားမိန့်တော်မူ၏။
11:7 ယောရှုသည်လည်း၊ မိမိစစ်သူရဲအပေါင်းတို့နှင့်တကွ မေရုံအိုင်နားသို့ အမှတ်တမဲ့ စစ်ချီ၍တိုက်လေ၏။
11:8 ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုးသားတို့လက်၌ အပ်တော်မူသဖြင့်၊ သူတို့ကိုလုပ်ကြံ၍ ဇိဒုန်ရဗ္ဗာမြို့၊ မိသရဖောသမိမ်မြို့ အရှေ့မျက်နှာ မိဇပါချိုင့်တိုင်အောင်လိုက်၍ တစ်ယောက်ကိုမျှ မကျန်ကြွင်းစေခြင်းငှာ လုပ်ကြံကြ၏။
11:9 ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် မြင်းတို့၏ခြေကြောကိုဖြတ်၍ ရထားတို့ကို မီးရှို့လေ၏။
11:10 ထိုအခါ ယောရှုသည်ပြန်၍ ဟာဇော်မြို့ကို တိုက်ယူသဖြင့်၊ မင်းကြီးကို ဓားနှင့်ကွပ်မျက်လေ၏။ ရှေးကာလ၌ ဟာဇော်မြို့သည် ထိုပြည်များတို့ကို အုပ်စိုးရသတည်း။
11:11 ထိုမြို့သူမြို့သားအပေါင်းတို့ကို ဓားနှင့်ကွပ်မျက်သဖြင့် တစ်ယောက်ကိုမျှ အသက်ရှင်စေခြင်းငှာမထား။ ရှင်းရှင်းဖျက်ဆီး၍ မြို့ကိုလည်းမီးရှို့လေ၏။
11:12 ထာဝရဘုရား၏ကျွန် မောရှေမှာထားသည်အတိုင်း၊ ထိုမင်းကြီးများအစိုးရသော မြို့ရှိသမျှတို့နှင့် မင်းကြီးအပေါင်းတို့ကို ယောရှုတိုက်ယူ၍ ဓားနှင့်လုပ်ကြံသဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
11:13 သို့ရာတွင်၊ ဟာဇော်မြို့မှတစ်ပါး၊ တောင်ပေါ်၌တည်သောမြို့တို့ကို ဣသရေလလူတို့သည် မီးမရှို့ကြ။ ဟာဇော်မြို့တစ်မြို့ကိုသာ ယောရှုမီးရှို့သတည်း။
11:14 ထိုမြို့များ၌ လက်ရဥစ္စာနှင့် တိရစ္ဆာန်ရှိသမျှတို့ကို ဣသရေလလူတို့သည် ကိုယ်အဖို့သိမ်းယူကြ၏။ လူတို့ကို မဖျက်ဆီးမီတိုင်အောင် ရှိသမျှတို့ကို ဓားနှင့်လုပ်ကြံကြ၏။ တစ်ယောက်ကိုမျှ အရှင်မကျန်ကြွင်းစေကြ။
11:15 ထာဝရဘုရားသည် မိမိကျွန်မောရှေကို မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ယောရှုကိုဆင့်ဆို၏။ ယောရှုလည်း ထိုသို့ပြုလေ၏။ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသမျှသော အမှုတစ်စုံတစ်ခုကို လှပ်၍မထား။
11:16 ထိုသို့ စိရလမ်းတွင်ရှိသော ဟာလက်တောင်မှစ၍ ဟေရမုန်တောင်ခြေရင်း၊
11:17 လေဗနုန်ချိုင့်၌ရှိသော ဗာလဂဒ်မြို့တိုင်အောင်၊ တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ဂေါရှင်ပြည်၊ ချိုင့်များ၊ လွင်ပြင်များ၊ ဣသရေလတောင်၊ ဣသရေလချိုင့်နှင့်တကွ ထိုပြည်အလုံးစုံကို ယောရှုသည်သိမ်းယူ၍၊ မင်းကြီးအပေါင်းတို့ကိုအောင်သဖြင့် လုပ်ကြံကွပ်မျက်လေ၏။
11:18 ထိုမင်းကြီးအပေါင်းတို့ကို ကာလကြာမြင့်စွာ စစ်တိုက်ရ၏။
11:19 ဟိဝိလူ၊ ဂိဗောင်မြို့သားမှတစ်ပါး ဣသရေလအမျိုးသားတို့နှင့် မိတ်သဟာယဖွဲ့သော မြို့တစ်မြို့မျှမရှိ။ အခြားသောမြို့ရှိသမျှတို့ကို တိုက်၍ အနိုင်သိမ်းယူရကြ၏။
11:20 အကြောင်းမူကား၊ ထာဝရဘုရားသည် မောရှေကိုမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးတို့ကို ကျေးဇူးမပြု၊ အကုန်အစင် သုတ်သင်ပယ်ရှင်းစေမည်အကြောင်း၊ သူတို့သည် ဣသရေလအမျိုးသားတို့ကိုဆီး၍ တိုက်ဝံ့သည်တိုင်အောင် သူတို့စိတ်နှလုံးခိုင်မာစေခြင်းငှာ ထာဝရဘုရား အလိုရှိတော်မူသတည်း။
11:21 ထိုကာလအခါ ယောရှုသည် ချီသွား၍၊ အာနကလူတို့ကို တောင်ပေါ်အရပ် ဟေဗြုန်မြို့၊ ဒေဗိရမြို့၊ အာနပ်မြို့၊ ယုဒတောင်၊ ဣသရေလတောင်ရှိသမျှတို့မှ ပယ်ရှား၍၊ သူတို့မြို့များနှင့်တကွ ရှင်းရှင်းဖျက်ဆီးလေ၏။
11:22 ဂါဇမြို့၊ ဂါသမြို့၊ အာဇုတ်မြို့မှတစ်ပါး၊ ဣသရေလတိုင်းနိုင်ငံတွင် ကျန်ကြွင်းသော အာနကလူ တစ်ယောက်မျှမရှိ။
11:23 ထာဝရဘုရားသည် မောရှေကို မိန့်တော်မူသမျှအတိုင်း၊ ယောရှုသည် ထိုပြည်တစ်လျှောက်လုံးကို သိမ်းယူ၍ ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား အမွေပေးသဖြင့်၊ တစ်ပြည်လုံးစစ်ငြိမ်းလေ၏။