1 Peter 4
4:1 ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော်၌ ငါတို့အတွက် ခံတော်မူသည်မှန်သောကြောင့်၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။ အကြောင်းမူကား၊ ကိုယ်ခန္ဓာ၌ခံသောသူသည် ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည်ဖြစ်၍၊-
4:2 နောက်တစ်ဖန် သူတို့၏ တပ်မက်ခြင်းတရားကို မကျင့်၊ ဘုရားသခင်၏ အလိုတော်အတိုင်းကျင့်လျက်၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြား ကျန်ရစ်သောကာလကို လွန်စေတတ်၏။-
4:3 သာသနာပလူတို့၏ အလိုသို့လိုက်၍၊ ကိလေသာညစ်ညူးခြင်း၊ ကာမတပ်မက်ခြင်း၊ စပျစ်ရည်နှင့် ယစ်မူးခြင်း၊ ပွဲလုပ်ခြင်း၊ သောက်ကြူးခြင်း၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း၌ ကျင်လည်၍၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အား လောက်ပေ၏။-
4:4 ယခုမှာ သင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ၊ ကာမဂုဏ်၌ လွန်ကျူးညစ်ညူးစွာ မပြုသည်အရာကို သူတို့သည်အံ့ဩ၍ ကဲ့ရဲ့တတ်ကြ၏။-
4:5 သို့ဖြစ်၍၊ အသက်ရှင်သော သူတို့ကိုလည်းကောင်း၊ သေသောသူတို့ကိုလည်းကောင်း တရားစီရင်ခြင်းငှာ အသင့်ရှိတော်မူသောသူ ရှေ့၌၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတ္တံ့။-
4:6 ထိုအကြောင်းကြောင့် လူတို့ရှေ့၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကို ခံရသော်လည်း၊ ဘုရားသခင့်ရှေ့တော်၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ၏။
4:7 ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့်၊ သမ္မာသတိရှိကြလော့။ ဆုတောင်းခြင်းအလိုငှာ စောင့်နေကြလော့။-
4:8 အခြားသောအမှုအရာထက်မက၊ အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။-
4:9 မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့။-
4:10 သင်တို့သည် ဆုကျေးဇူးတော်ကို အသီးအသီးခံရကြသည်နှင့် အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်း ဝေငှပေးကမ်းကြလော့။-
4:11 ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။
4:12 ချစ်သူတို့၊ သင်တို့ကို စုံစမ်းစရာဖို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား၊ သင်တို့၌ အံ့ဩဖွယ်သောအရာ ဖြစ်သည်ဟု ထင်မှတ်၍၊ အံ့ဩခြင်း မရှိကြနှင့်။-
4:13 သင်တို့သည် ခရစ်တော်၏ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း၊ ယခုပင် ဝမ်းမြောက်ကြလော့။-
4:14 ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။-
4:15 လူအသက်ကိုသတ်သော အပြစ်၊ သူ့ဥစ္စာကိုခိုးသော အပြစ်၊ ဒုစရိုက်ကိုပြုသော အပြစ်၊ သူတစ်ပါးအမှု၌ ရောနှောသောအပြစ် ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့်။-
4:16 ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်း မရှိစေနှင့်။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းစေ။-
4:17 ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်ရသော အချိန်ရှိပြီ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင်၊ ဘုရားသခင်၏ ဧဝံဂလိတရားစကားကို နားမထောင်သောသူတို့၏ အမှုသည် အဘယ်သို့ ပြီးလိမ့်မည်နည်း။-
4:18 ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင်၊ ဘုရားသခင်ကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာ ပေါ်လိမ့်မည်နည်း။-
4:19 ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့ မှတ်လျက်၊ ကောင်းသောအကျင့်ကို ကျင့်နေ၍၊ ကိုယ်တော်၌ မိမိတို့ အသက်ဝိညာဉ်ကို အပ်နှံကြစေ။